Sports

ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦး ဖြစ်လာဖို့ နီးစပ်နေတဲ့ UFC ကြယ်ပွင့် ခါဘစ်

ကမ္ဘာပေါ်မှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး Mixed Martial Arts (MMA) ပြိုင်ပွဲတခု ဖြစ်တဲ့ UFCပြိုင်ပွဲရဲ့ ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်သလို ပရိသတ် အားပေးမှု အများဆုံး ကစားသမား ဖြစ်တဲ့ ရုရှားနိုင်ငံသား ခါဘစ်ကတော့ သူဟာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား တဦး အဖြစ် ဘောလုံးကစားဖို့ စိတ်ကူးရှိကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ အသက် ၃၂နှစ် အရွယ် ရုရှားနိုင်ငံသား ခါဘစ်ဟာ ချုပ်ကွက်တွေကို ပိုင်နိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ချုပ်ကွက်ထဲ ရောက်သွားတဲ့ ပြိုင်ဘက်တိုင်းဟာ သူ့ကို အရှုံးပေးခဲ့ရကာ သူ့ကို ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက်တွေထဲမှာ မက်ဂရီဂေါ် ၊ ပိုင်ရီယာ ၊ ဂါဂျစ် စတဲ့ နာမည်ကျော် UFC ကစားသမားတွေ ပါဝင်ပါတယ်။

ခါဘစ်ဟာ UFCပြိုင်ပွဲမှာ ၂၉ပွဲ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကာ ၂၉ပွဲစလုံးကို အနိုင်ရခဲ့ပြီး ပရိသတ်အကြိုက် ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ဖခင် ရုတ်တရတ် ကွယ်လွန်ပြီးနောက်မှာ UFCပြိုင်ပွဲကို ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့ကာ နောက်ဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပိုင်ရီယာနဲ့ ပွဲစဉ်အပြီးမှာ သူဟာ သူ့ရဲ့ မိခင်ကို ကတိပေးထားတဲ့ အတိုင်း MMAလောက ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။ ခါဘစ်ဟာ သူ့ရဲ့ MMA ကစားသမားဘဝကို အဆုံးသတ်ပြီလို့ ကြေညာထားပေမယ့် အားကစားသမား တဦး အဖြစ် ဆက်လက် အသက်မွေးဖို့ ဆန္ဒရှိနေပြီး ငယ်စဉ်ကတည်းက သူ ဝါသနာ ပါခဲ့တဲ့ ဘောလုံးကစားနည်းမှာ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ကစားကြည့်ဖို့ စိတ်ကူးရှိကြောင်း မကြာခဏ ဆိုသလို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ခါဘစ်ဟာ MMAလောကမှာ ပြိုင်ဘက်ကင်းသလို ဘောလုံးကန်ရာမှာလည်း အတော်အတန် ကောင်းမွန်သူ တဦး ဖြစ်တာကြောင့် လက်ရှိမှာ ရုရှားကလပ် တချို့ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပြီး ခါဘစ်ကတော့ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တခုကို စောင့်မျှော်နေကြောင်း ဆိုလာပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦး ဖြစ်ဖို့ စောင့်မျှော်နေတဲ့ အကြောင်းကို ခါဘစ်က – “တကယ်လို့ တချို့ ဘောလုံးအသင်းတွေကသာ ကျွန်တော့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ လက်ခံလာရင် ကျွန်တော့်ဘက်က လက်ခံဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကရော ခါဘစ်ကို မြက်ခင်းစိမ်းတွေပေါ်မှာ မြင်ချင်နေကြပြီလားဗျ…

Credit