Sports

ခါးသီးပြိုင်ဘက် အင်္ဂလန် vs စကော့တလန် ပွဲစဉ်ကို ခန့်မှန်းပေးလိုက်တဲ့ ဂျိုဆေးမော်ရင်ညို

ရိုးမား နည်းပြ ဂျိုဆေးမော်ရင်ညိုက အင်္ဂလန်ဟာ ယနေ့ည စကော့တလန်နဲ့ ကစားရမယ့် ယူရို ၂၀၂၀ အုပ်စု ဒုတိယမြောက် ပွဲစဉ်မှာ အနိုင်ရလိမ့်မယ်လို့ ဆိုလိုက်ပြီး အကယ်၍ စတိကလပ်ရဲ့ အသင်း ဒီပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင် ဒါဟာ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ခါးသီးပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ စကော့တလန် နဲ့ အင်္ဂလန် တို့ဟာ ယနေ့ညက ၀င်ဘာလေမှာ အုပ်စု D ဒုတိယမြောက် ပွဲကို ယှဉ်ပြိုင် သွားကြမှာ ဖြစ်ပြီး အကယ်၍ ဆောက်ဂိတ်ရဲ့ အသင်း အနိုင်ရခဲ့မယ် ဆိုရင် နောက်ဆုံး ၁၆ သင်း အဆင့်ကို လက်ကျန် ၁ ပွဲ အလိုမှာတင် တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

မော်ရင်ညိုက စကော့တလန်မှာ ရော်ဘတ်ဆန် ၊ မက်တိုမီနေး ၊ တီယာနေး တို့လို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပေမယ့်လည်း အင်္ဂလန်ဟာ ၎င်းတို့ထက် ပိုမိုတဲ့ ကြယ်ပွင့် ကစားသမားတွေ ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

မော်ရင်ညိုက “စကော့တလန်ဟာ တအားကို စိတ်အားတက်ကြွနေပြီး သူတို့မှာ ရဲရင့်တဲ့ စိတ်ဓာတ်တွေ ပိုင်ဆိုင်ထား ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်လာဖို့ဟာ အရမ်း အရမ်းကို ရှားပါးပါတယ်။ အံ့ဖွယ်ဖြစ်ရပ်လို့ ကျွန်တော် ဆိုလိုတာက အရည်အသွေး ကွာခြားတဲ့ အသင်း ၂ သင်းမှာ အားနည်းတဲ့ အသင်းက အနိုင်ရတာကို ပြောတာပါ။

စကော့တလန်တို့ ၀င်ဘာလေကို သွားပြီး အင်္ဂလန်ကို အနိုင် ကစားနိုင်မှာလား? ဒီလို လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ တစ်ပွဲထိုး ပွဲစဉ် မို့လို့ပါ။ ဒါပေမယ့် ကျွန်တော် ကတော့ ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ အင်္ဂလန်ဟာ စကော့တလန်ထက် အများကြီး ကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ပိုကောင်းတဲ့ အသင်း ဖြစ်နေလို့ပါ။” လို့ သုံးသပ်ခဲ့ ပါတယ်။

စကော့တလန် နဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျွန်မက်ဂင်း ကတော့ သူတို့ဟာ အင်္ဂလန်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ပြောလိုက်ပါတယ်။

မက်ဂင်းက “စကော့တလန် နဲ့ အင်္ဂလန် တို့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ မှတ်တမ်း မှတ်ရာတွေကို ကြည့်လိုက်မယ် ဆိုရင် ရလဒ်တွေဟာ သိပ်ပြီး ကွာဟချက် မရှိခဲ့တာကြောင့် ကျွန်တော် အံ့အားသင့်ခဲ့ ရပါတယ်။ အင်္ဂလန် မီဒီယာတွေ ကတော့ ကျွန်တော်တို့ နှစ်သင်းကြား ကွာဟချက် အရမ်းကို ကြီးမားတယ်လို့ ရေးသား နေကြမှာပါ။ ဒီလို မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ဟာ ကျွန်တော်တို့ အပေါ်မှာသာ မူတည်ပါတယ်။

ကျွန်တော်တို့ဟာ အမြဲတမ်း အောက်အသင်း ဖြစ်နေမှာပါ။ သူတို့ တစ်သင်းလုံးမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပြည့်နှက်နေတာကြောင့် ကျွန်တော်တို့ဟာ အောက်အသင်း ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ စူပါစတား ကစားသမားတွေ ကလည်း ကောင်းကောင်း ကစားပြီး သူတို့ကို ပြသနာတွေ ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ ဒီကစားသမားတွေနဲ့ အပတ်တိုင်း ယှဉ်ပြိုင်နေရတာပါ။ ပြောချင်တဲ့ မက်ဆေ့ခ်ျ ကတော့ ကျွန်တော်တို့ သူတို့ကို ယှဉ်နိုင်ပါတယ်။ သူတို့မှာ ထိပ်တန်းကစားသမားတွေ ပြည့်နှက်နေပေမယ့် အကယ်၍ ကျွန်တော်တို့ ညီညီညွှတ်ညွှတ်နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့မယ် ဆိုရင် သူတို့ကို ပွဲကောင်းတစ်ပွဲ ဖြစ်စေမှာပါ။” လို့ ပြောသွားပါတယ်။

Sm