Sports

ဂျာမနီ ကို လုံး၀မကြောက်ကြောင်းနဲ့ သေချာပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်တဲ့ ပေါ်တူဂီ နည်းပြကြီး ဆန်းတိုစ့်

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီမှာတော့ ယူရို ၂၀၂၀ ရဲ့ မရဏ အုပ်စု ထဲက ပွဲကောင်း တစ်ပွဲဖြစ်တဲ့ ဂျာမနီ – ပေါ်တူဂီ ပွဲစဉ် ကို ယှဉ်ပြိုင် ကစား သွားတော့မှာပဲ ဖြစ်ပါတယ် ။ ဒီ ပွဲစဉ် ကိုတော့ ဂျာမနီ နိုင်ငံ မြူးနစ်မြို့က ဘိုင်ယန်မြုးနစ် အသင်းရဲ့ ကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင် အန်တိုနီ တိုင်လာ က ကွင်းလယ်ဒိုင် အဖြစ် တာ၀န်ယူ ကိုင်တွယ် သွားမှာပါ ။

ပေါ်တူဂီ ဟာ အုပ်စု အဖွင့်ပွဲမှာ ဟန်ဂေရီ အသင်းကို ၃ – ၀ ရလဒ် နဲ့ အနိုင် ကစားထားခဲ့ပြီး ဒီညမှာ အနိမ့်ဆုံး သရေ ကျရုံနဲ့ နောက်တစ်ဆင့် တက်ဖို့ အလားအလာကောင်း သွားမှာ ဖြစ်ပါတယ် ။ ဂျာမနီ ကတော့ ပထမပွဲ မှာ ပြင်သစ် ကို ရှုံးထားတဲ့ အတွက် ဒီညပွဲမှာ အမှတ်ပြန်ရဖို့ ကြိုးစား ကစားသွားရမှာပါ ။

သမိုင်းတစ်လျောက် ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ဂျာမနီ က ပေါ်တူဂီ ကို ၁၀ ကြိမ်နိုင် ၅ ကြိမ် သရေကျပြီး ၃ ကြိမ် ရှုံး ဆိုတဲ့ ရလဒ် နဲ့ အပြတ်အသတ် အသာ ရရှိထားသလို သွင်းဂိုးမှာလည်း ၂၉-၁၆ နဲ့ အသာ ရရှိ ထားခဲ့ ပါတယ် ။ ဒါပေမယ့် ဒီတစ်ခါ ရင်ဆိုင်ရမှာက အရင်တုန်းကနဲ့ မတူတဲ့ ပေါ်တူဂီ ၊ ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ပေါ်တူဂီ ပါ ။

ပေါ်တူဂီ ဟာ နောက်ဆုံး ၅ ပွဲ ( ခြေစမ်းပွဲအပါအ၀င် ) ဆက်တိုက် ရှုံးနိမ့် မထားဘဲ ၃ ပွဲနိုင် ၊ ၂ ပွဲ သရေ ရလဒ်ကို ပိုင်ဆိုင် ထားပါတယ် ။ သရေ ၂ ပွဲကတော့ စပိန် နဲ့ ဂိုးမရှိ သရေကျတဲ့ ခြေစမ်းပွဲ ၊ ဆားဘီးယား နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရို ခြေစစ်ပွဲတွေပါပဲ ။ အနိုင်ရထားတဲ့ ၃ သင်းကတော့ လူဇင်ဘတ် ၊ ဟန်ဂေရီ ၊ အစ္စရေး တို့ပဲ ဖြစ်ပါတယ် ။

ဂျာမနီ ကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၊ ၂ ပွဲ ရှုံးပြီး ၁ ပွဲ သရေကျထားပါတယ် ။ ပြင်သစ် ကို ယူရို အဖွင့်ပွဲမှာ ၁ – ၀ နဲ့ ရှုံးခဲ့သလို ယူရို ခြေစစ်ပွဲ တုန်းကလည်း မြောက်မက်ဆီဒိုးနီးယား ကို အိမ်ကွင်းမှာပဲ အံ့အား သင့်ဖွယ် ၂ – ၁ နဲ့ ရှုံးနိမ့် ခဲ့တာပါ ။ နိုင်ပွဲ ၂ ပွဲကတော့ လတ်ဗီးယား ( ၇-၁ ) ၊ ရိုမေးနီးယား ( ၁-၀ ) တို့ဖြစ်ပြီး ဒိန်းမတ် နဲ့ ၁ ဂိုးစီ သရေကျထားခဲ့ ပါတယ် ။

ပေါ်တူဂီ အသင်းရဲ့ နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် ကတော့ သူတို့ ဟာ ဂျာမနီ ကို စိုးရိမ် ထိတ်လန့် နေမှာ မဟုတ်ဘဲ အနိုင် ရလဒ်ကို ဦးတည် ကစားသွားမှာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ပါတယ် ။ ဒါ့အပြင် နည်းပြကြီးက ပြင်သစ် နဲ့ ကစားခဲ့တဲ့ ပွဲက ဂျာမနီ ရဲ့ ကစားပုံကို လေ့လာထားပြီး ဖြစ်ကာ ဒီညပွဲအတွက် သေချာပြင်ဆင် ထားကြောင်းလည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ဂျာမနီ ကို မကြောက်ပါဘူး ။ ၂ သင်းစလုံးဟာ အဆင့်တူတွေပါ ၊ ဒါကြောင့် တစ်သင်းကို တစ်သင်း အပြန်အလှန် လေးစားမှု ရှိမယ်လို့ ထင်ပါတယ် ။ ဒီပွဲဟာ နောက်တစ်ဆင့် တက်ရေးအတွက် အရေးပါတဲ့ အဆုံးအဖြတ် တစ်ခု ဖြစ်လာမှာပါ

“ဂျာမနီ မြေပေါ်မှာ ကစားမယ့် ပွဲမှာ ပေါ်တူဂီ က အလေးသာနေတယ် လို့ ပြောတာတွေ ကြားရတော့ ရယ်ချင်စရာ ပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကတော့ ရလဒ်ကောင်း အတွက် ယုံကြည်မှု အပြည့် ရှိနေပါတယ် ။ သရေ တောင် အကျမခံဖို့ ဆုံးဖြတ်ထားပြီး သားပါ”

“ဂျာမနီ ရဲ့ ကစားပုံကို ကျွန်တော်တို့ လေ့လာ ထားပြီးပါပြီ ။ နောက်တန်း ၃ ယောက် နဲ့ ၃-၄-၄ ကို အများဆုံး သုံးပါတယ် ၊ နောက်တန်း ၄ ယောက် ပြောင်းကစားရင် အမ်မရီချန် လို ကွင်းလယ်လူ တစ်ယောက်ကို နောက်ဆင်းကစားခိုင်း ပါတယ် ။ သူက ဂျာမနီ အတွက် စွယ်စုံရ ကစားသမားပါပဲ ။ အများအားဖြင့်တော့ ၃-၄-၃ ကိုပဲ သုံးတတ်ပါတယ်”

“ပြင်သစ် က ဂျာမနီ ကို အလယ်မှာတင် ဖြတ်တောက် ခဲ့ပြီး ဧရိယာထဲ မရောက်အောင် အဆင့်ဆင့် တားဆီး ကစားသွားခဲ့ တာပါ ။ ဖန်တီးမှုတွေ အများကြီး မလုပ်နိုင်ခဲ့တာက ဂျာမနီ ရဲ့ ပြဿနာ ဖြစ်ခဲ့တာပါပဲ ။ ဂျာမနီ က သူတို့ ရှေ့တန်းတွေရဲ့ မြန်နှုန်း ကို သုံးပြီး ကရူးစ် ၊ ဂွန်ဒိုအမ် တို့ရဲ့ ဘောလုံး လမ်းကြောင်းတွေကနေ ထိုးဖောက်ဖို့လည်း ကြိုးစားခဲ့ ပါတယ် ။ ဒါပေမယ့် ပြင်သစ်က ဟန်ချက်ညီညီ နဲ့ ပိတ်ဆို့ ကစားနိုင်ခဲ့တာပါ”

“ကျွန်တော်တို့လည်း ဒီပွဲ အတွက် သေချာပြင်ဆင် ထားပြီးပါပြီ ။ သူတို့ ကွင်းလယ်ကို ထိုးနှက်မယ် ၊ ဘောလုံးကို ရအောင်ကိုင်ထားမယ် ။ သူတို့ ရဲ့ မြန်နှုန်းကောင်းတဲ့ တိုက်စစ် ကို ခုခံဖို့လည်း ပြင်ဆင်ထား ပါတယ်” လို့ ဖာနန်ဒို ဆန်းတိုစ့် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR