Local News

NUG ကြောင့် လူ ၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ​ပြောဆိုထား

NUG ကြောင့် လူ ၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ​ပြောဆိုထား

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ လုပ်ရပ်တွေကြောင့် လူပေါင်း ၁၈၉ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၆၀၊ အုပ်ချုပ်ရေးမှူးရုံး ၇၄ ရုံးနဲ့ ရဲကင်းရဲစခန်း ၃၅ ခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်လ ၂ ရက်နေ့မှာ စွပ်စွဲပြောဆိုပါတယ်။စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုအပါအဝင်၊ အုပ်ချုပ်ရေးမှုးရုံးတွေနဲ့ ရဲကင်းရဲစခန်းတို့မှာ ဗုံးပေါက်ကွဲမှုပေါင်း ၄၈၀ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

NUG အစိုးရဟာ အုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် အဆင့် သုံးဆင့်နဲ့ လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲပြီး စက်ရုံအလုပ်ရုံတွေကို မီးရှို့ဖျက်ဆီးတာ၊ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားသတ်ဖြတ်တာ၊ ဒေသအသီးသီးမှာ ပေါ်ပေါက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်တပ်ဌာနချုပ်တွေကို စီးနင်းတိုက်ခိုက်တာနဲ့ နိုင်ငံတကာကနေ ငွေကြေးနဲ့ လက်နက်အင်အားတွေ ရယူနေတယ်လို့လည်း စစ်ကောင်စီ မီဒီယာ မြန်မာ့အသံ သတင်းမှာ ကြေညာသွားပါတယ်။

စစ်ကောင်စီရဲ့ ဒီစွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ သဘောထားကို သိရဖို့ ဘီဘီစီက ကြိုးပမ်းနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီကို တိုင်ကြားသွားမယ်လို့ NUG ဘက်က တုံ့ပြန်ထားသလို စစ်ခေါင်းဆောင်တွေကိုလည်း လူ့အမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေနဲ့ပါ တိုင်တန်းသွားမယ်လို့ NUG တရားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

Credit