Knowledge

အရေးပေါ် ကိုယ်တိုင် OXYGEN အိုး တပ်ဆင်အသုံးပြုဖို့ လိုလာလျှင် တပ်ဆင်အသုံးပြုနိုင်အောင် OXYGEN အိုး တပ်ဆင်အသုံးပြုနည်း

” အောက်ဆီဂျင်အိုး အသုံးပြုပုံ ” ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း အောက်ဆီဂျင်ပါသော စလင်ဒါအိုးနှင့်အတူ Flowmeter Set တစ်ဘူး တစ်ခါတည်း ပါရပါမည်။

ပထမဦးစွာ Flowmeter ဘူးကို ဖွင့်လိုက်လျှင် ပုံ ( ၂ ) တွင် ပြထားသည့်အတိုင်း A,B,C ပစ္စည်း ( ၃ ) မျိုး တွေ့ရမည်ဖြစ်သည်။

ထို့နောက် ပုံ ( ၃ ) တွင်ပြထားသကဲ့သို့ “A” ပစ္စည်းဖြစ်သော ရေဘူးကို အဖုံးလှည့်ဖွင့်ပါ။ ထိုဘူးထဲသို့ ရေဖြည့်ပါ ။( Lower level နှင့် Upper level ကြား)၊ အဖုံးကို လုံအောင်ပြန်လှည့်ပိတ်ပါ။

ထို့နောက် ပုံ ( ၄ ) တွင်ပြထားသည့်အတိုင်း ရေထဲ့ထားသည့် ရေဘူး”A” ကို မီတာပါသည့် အစိတ်အပိုင်း “B” တွင် မြှားပြထားသည့်နေရာ”AB” မှ လှည့်၍ တပ်ဆင်ပါ။ ထို့အပြင် ရေဘူး”A”၏ ငုတ်လေးတွင် အောက်ဆီဂျင် ရှူသည့်ပိုက် “C” ကို မြှားပြထားသည့် “AC” နေရာတွင် ထိုးထဲ့ကာ တပ်ဆင်ပါ။

ထို့နောက် ပုံ ( ၅ ) တွင်ပြထားသည့်အတိုင်း အောက်ဆီဂျင်အိုး နှင့် Flowmeter ၏ “A” အစိတ်အပိုင်းတို့အား မြှားပြထားသည့် နေရာမှ လက်ဖြင့် လှည့်၍ တပ်ဆင်ပါ။

ထိုသို့တပ်ဆင်ထားသည်ကို ပိုမိုသေခြာစေရန်အတွက် ပုံ ( ၆ ) တွင် ပြထားသကဲ့သို့ ဂွရှင်ကိုအသုံးပြုပြီး တင်းကျပ်စွာ တပ်ဆင်ပါ။ ( ဖြစ်နိုင်လျှင် ၁၀ လက်မ ဂွရှင်တစ်ချောင်း ဆောင်ထားသင့်ပါသည်) အိမ်တွင် ဂွရှင် မရှိလျှင် အောက်ဆီဂျင်အိုး ငှါးသည့်နေရာတွင် အကူအညီတောင်းပါ။

ထိုအခါ လူနာမှ အောက်ဆီဂျင်ရှူရန်အတွက် ရေဘူးမှထွက်သည့် ပိုက်ပျော့၏ အခြားတစ်ဖက်မှ ငုတ်နှစ်ခုကို လူနာ၏ နာခေါင်းပေါက် တစ်ဖက်တစ်ခု တေ့ကာထဲ့ပေးထားပါ။ ( လိုအပ်လျှင် ၎င်းပိုက်မပြုတ်စေရန်အတွက် လူနာ၏ ပါးပြင်တွင် ပိုက်ကို ပလာစတာဖြင့် ယာယီတွဲကပ်ထားသင့်သည်)

ထို့နောက် ပုံ ( ၇ ) တွင် ပြထားသကဲ့သို့ အောက်ဆီဂျင်အိုး၏ မိန်းဘား “D”ကို ( ၂ ) ပတ်ခန့် လှည့်ဖွင့်ပါ ။ ထိုအခါ မီတာ ဒိုင်ခွက်တွင် လက်တံသည် အပေါ်သို့ တက်လာသည်ကို တွေ့ရမည်။

ထို့နောက် ပုံ ( ၇ ) တွင်ပြထားသည့်အတိုင်း Flowmeter ၏ ထိန်းညှိဘား “E” ကို ဖြေးညင်းစွာ လှည့်ဖွင့်ပါ ။ ထိုအခါတွင် ဖန်ပြွန်ချောင်း “F” ထဲတွင် ဘောလုံးအသေးလေး အပေါ်သို့ တက်လာမည်ဖြစ်သည်။ ထိန်းညှိဘား ” E ” ကို များများဖွင့်လျှင် ဘောလုံးအပေါ်ပိုတက်၍ နဲနဲဖွင့်လျှင် ဘောလုံးသည် အောက်နားတွင်သာ ရှိနေမည်။

ပုံမှန်အားဖြင့် ၎င်းဘောလုံးလေးသည် ဖန်ပြွန်ချောင်းတွင်ပါသော နံပတ် ( ၂ ) တွင်သာရှိနေရန် ချိန်ထားပြီး အောက်ဆီဂျင်ကိုရှူနိုင်သော်လည်း လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် နံပတ်တွင်ထား၍ ရှူရမည်ဖြစ်သည်။

မူရင်းရေးသားသူအား Credit ပေးပါသည်။

Unicode











