International News

ပန်းကန်ပြားပျံ UFO တွေအကြောင်း အမေရိကန် တရားဝင် ထုတ်ပြောပြီ

ဂြိုဟ်သားတွေရဲ့ ပန်းကန်ပြားပျံလို့ မြန်မာလို အခေါ်အဝေါ် ရှိတဲ့ အရာကို UFO လို့ အတိုကောက် ခေါ်ကြပါတယ်။ ဘာလဲဆိုတာ တပ်အပ်သေချာ မပြောနိုင်တဲ့ ပျံသန်းနေတဲ့ ပစ္စည်း လို့ ဆိုလိုတာပါ၊

UFO နဲ့ ကြုံဖူးသူတွေထဲ အမေရိကန် တိုက်လေယာဥ်မှူးတွေပါ ပါဝင်နေ

အမေရိကန် စစ်ဌာနချုပ်ကတော့ “ပျံသန်းတဲ့ပစ္စည်း ” ဆိုတဲ့ စကားလုံးကို ရှောင်ပြီး “အမျိုးအမည် ခွဲခြား မပြောနိုင်တဲ့ ဝေဟင်ပေါ်က အရာ” လို့ UFO ကို ရည်ညွှန်းလေ့ ရှိပါတယ်။

သိပ္ပံရုပ်ရှင်ကားတွေထဲ ထည့်သွင်းရိုက်လေ့ ရှိတဲ့ UFO ပန်းကန်ပြားပျံနဲ့ ပတ်သက်ပြီး တကယ် အပြင်မှာ ကြုံရသူတွေ၊ မြင်တွေ့ဖူးသူတွေ ရှိတယ်လို့ ဆိုနေကြတာတွေဟာ ဆယ်စုနှစ်များစွာ ရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနက တရားဝင်စုံစမ်းပြီ

အမေရိကန် စစ်ဌာနချုပ်

ပြီးခဲ့တဲ့နှစ်ကတော့ အမေရိကန် စစ်တပ်က အထူး စုံစမ်းရေးအဖွဲ့ တစ်ခု ဖွဲ့ပါတယ်။ အမေရိကန် ပိုင်နက် ဝေဟင်ထဲ UFO တွေ ဆိုပြီး ဘာလဲ ဆိုတာ ရှင်းမပြနိုင်တဲ့ တွေ့မြင်ကြုံကြိုက်မှုတွေကို စုံစမ်းမယ်၊ အဖြေထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့ရဲ့ တွေ့ရှိချက်တွေက ဘာလဲ ဆိုတာ လူအများ မျှော်လင့် နေကြပါတယ်။ လျှို့ဝှက် ကန့်သတ် အဆင့်ကနေ ပယ်ဖျက်ပြီး အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ရှေ့မှောက် UFO အစီရင်ခံစာကို ပြီးခဲ့တဲ့ ရက် အနည်းငယ်ကပဲ တင်သွင်းခဲ့ပါတယ်။

UFO နဲ့ ကြုံကြိုက်ရတဲ့ ဖြစ်စဥ်တွေ အပေါ် တိတိကျကျ ရှင်းပြနိုင်လောက်ဖွယ် “အဖြေ” သူတို့မှာ ရှိမနေဘူးလို့ ဆိုထားပါတယ်။

ရှင်းမပြနိုင်ဘူးဆိုပေမယ့် အခုလို အစီရင်ခံစာ ထုတ်ပြန် ပေးတာကိုက UFO နဲ့ ပတ်သက်ပြီး လူအများအပေါ် ဘယ်လောက် ပွင့်လင်းမြင်သာ ရှိရှိ အသိပေးသလဲ ဆိုတဲ့ အစိုးရရဲ့ ကိုင်တွယ်ပုံ အပြောင်းအလဲ ရှိလာတာ ဖြစ်ပါတယ်။

ဒုအုပ်မှူး အဲလက်စ် ဒီထရစ်ချ်

UFO နဲ့ ပတ်သက်တဲ့ သဘောထား အရွေ့

UFO ဆုံခဲ့သူတွေထဲ အမေရိကန် တိုက်လေယာဥ်မှူးတွေလည်း ပါဝင်ပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ အဲလက်စ် ဒီထရစ်ချ် ဖြစ်ပါတယ်။ သူဟာ အမျိုးသမီး တိုက်လေယာဥ်မှူး ဖြစ်ပြီး UFO နဲ့ ကြုံခဲ့စဥ်မှာ တိုက်လေယာဥ် မောင်းတဲ့ လုပ်သက် ၁၀ နှစ် ရှိပြီ ဖြစ်ပါတယ်။ နောက်ပြီး သူဟာ သူတို့ တိုက်လေယာဥ် အုပ်စုရဲ့ ဒုတိယ အကြီးဆုံး​ ဖြစ်ပါတယ်။

သူနဲ့ အတူ တခြား ပိုင်းလော့ ၃ ယောက် ပုံမှန် လေ့ကျင့် ပျံသန်းကြတုန်း တောင်ပိုင်း ကယ်လီဖိုးနီးယားရဲ့ ကမ်းရိုးတမ်းမှာ UFO ကို မြင်တွေ့ ခဲ့ကြပါတယ်။

သူဘာတွေ မြင်ခဲ့ရသလဲ ဆိုတာကို ဒုအုပ်မှူး အဲလက်စ် ဒီထရစ်ချ်က အခုလို ပြောပါတယ်။

“အဲဒီအရာ ရွေ့နေတာ အင်မတန် မြန်လွန်းပါတယ်။ ဘယ်ကို ဦးတည်တယ်၊ ဘယ်ကို ချိုးမယ် ကွေ့မယ်ဆိုတာ ကြိုတင် မခန့်မှန်း နိုင်လောက်အောင်ပါပဲ။ အဲဒီလို ပုံစံမျိုးနဲ့ ရွေ့နိုင်အောင် ဘယ်လိုများ လုပ်နိုင်လဲ၊ ဘယ်လို မောင်းနှင်တဲ့ စနစ်မျိုးသုံးလဲ ဆိုတာကို ကျွန်မတို့ နားမလည် နိုင်ပါဘူး” လို့ ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ တရားဝင်မှတ်တမ်း ဗီဒီယို

UFO ဆိုရင် ပျက်ရယ်ပြုတာကို မူသဖွယ် စွဲကိုင်ခဲ့

UFO နဲ့ ဆုံခဲ့တဲ့ ၂၀၁၇ တုန်းက ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ တရားဝင်မှတ်တမ်း ဗီဒီယို ပုံရိပ်တွေလည်း ရှိနေပါတယ်။ အဲဒီလို ကာကွယ်ရေး ဌာနကပါ ထုတ်ပြန်တဲ့ အခါ UFO နဲ့ ပတ်သက်ပြီး နှစ်များစွာ ပြောလာတာ၊ ငြင်းခုံ လာကြတာတွေဟာ လုံးဝ ပုံစံပြောင်းသွားစေပါတယ်။

အရင်ကတော့ ကောင်းကင်ယံထက်က ထူးဆန်းတဲ့ အရာတွေကို မြင်ရကြောင်း ပြောရင် လှောင်ပြောင်ခံရလေ့ ရှိနေရာကနေ တကယ့်ကို နိုင်ငံလုံခြုံရေး အပေါ် သက်ရောက်နိုင်တဲ့ အလေးထား အဖြေရှာသင့်တဲ့ အရာတွေ အဖြစ် သဘောထား အမြင်တွေ ပြောင်းလဲကုန်ပါတယ်။

အမေရိကန် တိုက်လေယာဥ်မှူးတွေ UFO နဲ့ ဆုံတွေ့ခဲ့ကြောင်း သတင်းကို ဦးဦးဖျားဖျား ဖွင့်ချခဲ့တဲ့ သတင်းစာဆရာမ လက်စလီကီးန် ကလည်း အခုလို ပြောပါတယ်။

“အရင်ကဆိုရင် UFO တွေနဲ့ တွေ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေကို ပေါ့တန်သွားစေဖို့ ရည်ရွယ်ချက်နဲ့ မူဝါဒ သဘောနဲ့ကို လှောင်ပြောင် ပျက်ရယ်ပြု ပယ်ချလေ့ ရှိခဲ့ပါတယ်။ UFO နဲ့ ပတ်သက်ရင် ပြောလာသူရှိရင် လှောင်ပြောင်ပစ်ကြတဲ့ အစဥ်အလာဟာ ၁၉၅၀ ပြည့်ကျော်နှစ်တွေ က စပြီး ဖြစ်နေခဲ့ပါတယ်။ UFO အကြောင်း အမေရိကန် အစိုးရရဲ့ သဘောထား ဘယ်လို ရှိသလဲဆိုတာ တခါမှ မကြားရဖူးပါဘူး” လို့ ဆိုပါတယ်။

တောင်ပိုင်း ကယ်လီဖိုးနီးယားရဲ့ ကမ်းရိုးတန်းမှာ UFO ကို မြင်တွေ့ ခဲ့

နိုင်ငံတော် လုံခြုံရေးအတွက်ပါ အရေးပါနေ

အခုအခါမှာတော့ UFO နဲ့ ပတ်သက်ပြီး အလေးတယူ သဘောမထားပဲ စုံစမ်းဖို့ ပျက်ကွက်ရင် မျက်မြင် သက်သေတွေကို ပယ်ချရုံ၊ အလေးမမူရုံ ၊ မယုံကြောင်း ပြတာမျိုး ဖြစ်ရုံသက်သက်မက နိုင်ငံလုံခြုံရေး အတွက်ပါ ကြီးမားတဲ့ မျက်ကွယ်ပြုမှု အဖြစ် မြင်လာကြပြီလို့ ဆိုပါတယ်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ထဲမှာကို အဲဒီလို သဘောထား အမြင်တွေ ပြောင်းလဲ လာတာ ဖြစ်တယ်လို့ အတွင်းသတင်းတွေက ပြောနေတာ ဖြစ်ပါတယ်။

ခရစ္စမယ်လွန်ဆိုရင် ပင်တာဂွန်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

“ထောက်လှမ်းရေးဆိုင်ရာ အင်မတန်ကြီးမားတဲ့ ပျက်ကွက်မှုကြီးပေါ့။ ပုလဲဆိပ်ကမ်းလို နိုင်းအလဲဗင်းလို ခံရတာမျိုး UFO ကိစ္စ ပျက်ကွက်ခဲ့လို တိုက်ရိုက် ဆိုးကျိုး အခုချိန်ထိတော့ သက်ရောက်မလာသေးဘူး။ ဒါပေမယ့် သဘောတရားက အတူတူပဲ။

ဂျပန်ဗုံးကြဲ လေယာဥ်တွေကို မြင်လိုက်တဲ့ ရေဒါကိုင်တဲ့သူရှိတယ်။ သူက သတင်းမပို့ဘူး။ နိုင်းအလဲဗင်းလည်း ဒီအတိုင်းပဲ။ ရထားတဲ့ သတင်းတွေ အထက်ကို အဆင့်ဆင့် တက်မလာဘူး။ အခု UFO တွေ ကိစ္စဆိုရင် ပိုဆိုးတယ်။ အေဂျင်စီ ၁၀ ခု လောက်ဆီ ဒီကိစ္စရောက်လာတယ်၊ ဒါပေမယ့် သူတို့က အဲဒီ အကြောင်းတွေ ထုတ်မပြောဘူး၊ မဝေမျှကြဘူး ဖြစ်နေခဲ့တယ်” လို့ ခရစ္စမယ်လွန်က ပြောပါတယ်။

နီဗားဒါး သဲကန္တရထဲက ဧရိယာ ၅၁

ဧရိယာ ၅၁

အမေရိကန်ရဲ့ နီဗားဒါး သဲကန္တရထဲမှာ လျှို့ဝှက်မှုတွေနဲ့ လွှမ်းခြုံထားတဲ့ အမေရိကန် စစ်တပ်ပိုင် အခြေစိုက် စခန်း ရှိပါတယ်။ အဲဒီစခန်းဟာ ဧရိယာ ၅၁ လို့ အမည်တွင်ပါတယ်။ အဲဒီမှာ ပန်းကန်ပြားပျံတွေ ရှိနေပြီး ပုံစံတူ လိုက်ထွင်နေကြတယ်လို့ တချို့က ယုံကြည်နေကြပါတယ်။

လက်ဆုပ်လက်ကိုင် သက်သေတော့ မပြနိုင်ပါဘူး။ ဧရိယာ ၅၁ ထဲ ဝင်ခွင့်ရဖို့ ဆိုတာ အင်မတန် ခက်ပြီး အပြင်လူ အနည်းငယ်သာ ရောက်ဖူးပါတယ်။

အဲဒီ နေရာတဝိုက်မှာ UFO ကို မြင်ရမလားဆိုပြီး ကောင်းကင်ကို စောင့်ကြည့်နေခဲ့သူတွေကတော့ သူတို့ အလှောင်အပြောင် ခံခဲ့ရကျိုးတွေ နပ်ခဲ့ပြီလို့ ဆိုနေကြပါတယ်။ သူတို့ကတော့ ဒီလောကကြီးမှာ မြေကမ္ဘာပေါ်က လူတွေဟာ အထီးကျန်မဟုတ်ဘူး၊ စကြဝဠာကြီးထဲ အပေါင်းအဖော် ဂြိုဟ်သားတွေ ရှိနေတယ်လို့ ယုံထားသူတွေ ဖြစ်ပါတယ်။

UFO ကို တစိုက်မတ်မတ် စောင့်ကြည့်သူ တစ်ယောက် ဖြစ်တဲ့ ခရစ္စဂျုံးက အခုလို ပြောပါတယ်။

“ဒီလို ထုတ်ပြန် လာပေးဖို့ UFO အသိုင်းအဝိုင်းတွေ နှစ်ပေါင်း ၅၀ ကျော် စောင့်နေခဲ့ရတာပါ။ အခုလို အစိုးရဘက်က ဒီလို ဖြစ်စဉ်တွေ ရှိနေတယ်ဆိုတာကို လက်ခံလာတော့ UFO လေ့လာသူတွေအတွက်လည်း ကောင်းတာပေါ့ဗျာ။ ဒီလို ထူးခြားဖြစ်ရပ်တွေ အမြဲလို ရှိနေတယ်ဆိုတာကို အများပြည်သူတွေကို အသိပေးတာဟာ ကောင်းပါတယ်” ဆိုပြီး ပြောပါတယ်။

ထုတ်ပြန်လာခဲ့တဲ့ အစီရင်ခံစာထဲမှာ ဘယ်လိုပဲ ကောက်ချက်ဆွဲထားထား၊ UFO နဲ့ ပတ်သက်ပြီး အခုလို အများကို အသိပေးလာတာကိုက အဲဒီလို ထူးခြား ဖြစ်ရပ်တွေ အပေါ် နားလည်နိုင်ရေး အတွက် အရေးကြီးတဲ့ မှတ်တိုင် ဖြစ်လာခဲ့ပါတယ်။

Source: BBC