Local News

မြန်မာပြည်သူတွေအတွက် သတင်းကောင်းပါးလိုက်တဲ့ ဂျပန်

မြန်မာနိုင်ငံတွင် NUG မှလွဲ၍ အခြားအစိုးရမရှိ၊ စစ်တပ်၏ အာဏာသိမ်းမှု လက်ခံနိုင်စရာမရှိ၊ NUG အစိုးရကို ကူညီမည်ဟု ဂျပန်အမတ်များပြောကြားလိုက်ပါတယ်။

Photo: Internet

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကမ္ဘာက အသိအမှတ်ပြုလက်ခံပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရကို ယုံကြည်ကာ မြန်မာနိုင်ငံတွင် အခြားအစိုးရမရှိဟု လက်ခံထားကြောင်း ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် လည်းဖြစ်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များ အဖွဲ့ ဒုတိယဥက္ကလည်းဖြစ်သူ Mr.Ichiro Aisawa က ပြောဆိုသည်။

Mr.Ichiro Aisawa

၂၀၂၁ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဂျပန်လွှတ်တော် အမတ်များ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးမှုတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဂျပန် အောက်လွှတ်တော် အမတ် Mr.Ichiro Aisawa က စစ်တပ်က မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့မှုသည် လက်ခံနိုင်စရာမရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုဝင်ဘာ ရွေးကောက်ပွဲသည် တရားမျှတသည်ကို ကမ္ဘာက လက်ခံကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသား လူနည်းစုများ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ယုံကြည်ပြီး၊ အခြားအစိုးရ မြန်မာနိုင်ငံတွင်မရှိဟု ယုံကြည်ကြောင်း ပြောဆိုသည်။

ဒေါက်တာဆာဆာ

၎င်းက စစ်အာဏာရှင် မဟုတ်သော NUG အစိုးရက လက်တွေ့ကျသော အစိုးရဖြစ်ကြောင်း သက်သေကို မြန်မာပြည်သူများ၏ ပြသမှုကြောင့် ဂျပန်က ကူညီမည်ဖြစ်ကြောင်း၊ ဂျပန်၏ ODA အထောက်အပံ့သည် စစ်တပ်ကို ကူညီရန် မဟုတ်၊ လက်နက်ပံ့ပိုးမှုအတွက် မဟုတ်ဘဲ ပညာရေး၊ ဆေးဝါးကုသရေး၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီနှင့် အစားအသောက်အတွက် ကူညီရန် ဖြစ်ကြောင်း၊ ဂျပန်၏ ODA အထောက်အပံ့ ရပ်ဆိုင်းမှုသည် စစ်တပ်ကို အကျိုးမပြုစေရန်သာ ဖြစ်ပြီး ပြည်သူ့အကျိုးကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊ ပြည်သူကို တိုက်ရိုက် အကျိုးဖြစ်စေမည့် နည်းလမ်းများ ရှာဖွေလုပ်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ဂျပန်အထက်လွှတ်တော် အမတ်လည်းဖြစ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ Mr.Michihiro Ishibashi က စစ်တပ်ကို ဆန့်ကျင့်ရှုတ်ချခြင်း အတည်ပြုသင့်ကြောင်းနှင့် ပတ်သက်၍ အားလုံးက အတည်ပြုခဲ့ကြောင်း၊ အတိုက်အခံ နှင့် အာဏာရပါတီအားလုံးက တစ်ပြိုင်နက် ထောက်ခံ့ခဲ့ကြခြင်း ဖြစ်၍ မြန်မာပြည်သူများအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ စစ်တပ်ကို လက်နက်ရောင်းချခြင်း မပြုကြရန်နှင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို အစားအသောက် ဆေးဝါးထောက်ပံ့ကူညီရန်လည်း အတည်ပြုခဲ့ကြကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဂျပန်နိုင်ငံမှ အောက်လွှတ်တော် အမတ် Mr.Ichiro Aisawa (ဥက္ကဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့၊ ဒုဥက္ကဌ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များ အဖွဲ့)၊ အထက် လွှတ်တော် အမတ် Mr.Michihiro Ishibashi (အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့)၊ Mr. Yutaka Nagasugi ( Vice President, Japan Myanmar Friendship Association, CEO, MYANMAR JAPON CO.,LTD.)၊ Mr. Toshio Tanabe (အလွတ်တန်း သတင်းထောက်) နှင့် NUG အစိုးရတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိရသည်။

Khit Thit