Local News

ကိုဗစ် တတိယလှိုင်းအတွက် ကန်ထရိုက်စနစ်ဖြင့် ဆရာဝန်များ ငှားရမ်းမည်

ကိုဗစ်-၁၉ တတိယလှိုင်းတွင် လိုအပ်သည့် ဆရာဝန်များအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးပြုမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က ပြောကြောင်း မြဝတီသတင်းဌာနမှ တဆင့် ပြောသည်။

လိုအပ်သည့် ဆရာဝန်များအပြင် လုပ်အားပေး ကူညီပေးမည့်သူများ Volunteer များကိုပါ နေ့စားစနစ်ဖြင့် ငှားရမ်းရန် စီစဥ်ထားကြောင်း၊ မကြာမီ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုကြောင်း ဆက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် မေလတတိယအပတ်တွင် ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများ ဇူလိုင်လ ၈ ရက်နေ့တွင်ပိတ်ခဲ့ရသည်။

လက်ရှိအချိန်တွင် ကိုဗစ်ပိုးလူနာ တွေ့ရှိမှုမြင့်တက်လျက်ရှိပြီး သေဆုံးသူလည်းမြင့်တက်လျက်ရှိနေသည်။

ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ပြဿနာ၊ နှာခေါင်းစီး(Mask) ပြဿနာ၊ အောက်ဆီဂျင် ပြဿနာများကို တနေ့တခြား ဆိုးရွားစွာရင်ဆိုင်ရလျက် ရှိသည်။

ကိုဗစ်-၁၉ ကိုအဆိုးရွားဆုံးခံစားနေရတဲ့ ကလေးမြို့မှာ အိမ်တိုင်းနီးပါး ကိုဗစ်ကူးစက်ခံနေရလို့ အောက်ဆီဂျင် အိုးကြီး၊အိုးသေး ဖြည့်ပေးတဲ့နေရာ ၁၀နေရာလောက်ရှိပေမယ့် လိုအပ်ချက်များပြီး အောက်ဆီဂျင်ပြတ်လပ်တဲ့ အထိဖြစ်နေတာလို့ ဆိုပါတယ်။

”အမှန်က တော့ အောက်ဆီဂျင်လုံလုံလောက်လောက်ရရင် အသက်တွေလည်းကယ်နိုင်မယ်၊အရင်နှစ်ရက် ဒီမှာ အောက်ဆီဂျင်လုံးဝပြတ်တော့ လူနာ ၄၀ကျော်လောက်အထိသေသွားကြရတယ်၊

ဒီမှာ လုံးဝမရလို့ ရန်ကုန်၊မန္တလေး အထိဆင်းဝယ်ကြရတယ်၊ ဒါပေမယ့် ဝယ်မရကြဘူး၊ဒီရက်ကတော့နည်းနည်း ပြန်ဝင်လာတယ်၊ဒါပေမယ့်မလုံလောက်ဘူး၊ ဒီနေ့တော့ မနက်ပိုင်းက တချို့နေရာတွေဖြည့်ပေးကြတယ်၊ နေ့လည်းပိုင်းတချို့ဖြည့်ပေးကြတယ်” လို့ ကလေးမြို့မှာ အောက်ဆီဂျင်ရရှိရေး ကူညီပေးနေတဲ့ Lucas Tuang ဆောက်လုပ်ရေးက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကလေးမြို့မှာ ကိုဗစ်ကူးစက်သူဦးရေ ရာချီရှိနေပြီး ကူးစက်နှုန်းမြင့်တက်နေသလို သေဆုံးသူကနေ့စဉ် ၂၀ ခန့်ရှိနေတာပါ။

လတ်တလောမှာ လူနာတွေအတွက်အောက်ဆီဂျင်မရရှိသလို အောက်ဆီဂျင်ထည့်ဖို့ဘူးခွံအထိရှားပါးလာတယ်လို့ မြို့ခံတွေကပြောပါတယ်။

ယနေ့ည စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့ရှိသူ ၄၃၀၀ ကျော်ရှိပြီး သေဆုံးရသူ ၆၀ ကျော်ရှိကြောင်း သိရသည်။

Credit