Local News

ကိုဗစ်ကာကွယ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို ဂျင်းပြုတ်ရေတိုက်

ကိုဗစ်ကာကွယ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို ဂျင်းပြုတ်ရေတိုက်

ကိုဗစ်ရောဂါ ကူးစက်မှုများနေတဲ့အတွက် Stay at Home ကြေညာထားတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဇူလိုင်လ ၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ကိုဗစ်ကာကွယ်ရေးအတွက် ဂျင်းပြုတ်ရေတိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ဂျင်းပြုတ်ရေတိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ရဲတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ရောဂါကာကွယ်နိုင်ရေးအတွက် ဖြည့်စွက်စာအနေနဲ့ ဆောင်ရွက်တာလို့ ပြောပါတယ်။

မြန်မာ့တိုင်းရင်းဆေးနည်းတမျိုး ဖြစ်တဲ့ ဂျင်းပြုတ်ရည်ဟာ အပူစာဖြစ်လို့ COVID – 19 ကာကွယ်ပေးတယ်လို့ ဗမာလူမျိုးတချို့က ယုံကြည်ကြပြီး သောက်သုံးကြတာတွေလည်း ရှိပါတယ်။

အခုလည်း ကိုဗစ်တတိယလှိုင်း ကူးစက်မှု ပြင်းထန်လာချိန် ရဲတပ်ဖွဲ့ဝင်တွေလည်း ကူးစက်ခံနေရတဲ့အတွက် ကိုဗစ်ကာကွယ်ဖို့ ဂျင်းပြုတ်ရည်တိုက်နေတာ ဖြစ်ပါတယ်။

သို့သော် ရဲတွေနဲ့ မိသားစုတွေ ဂျင်းပြုတ်ရည်တိုက်ရာမှာ ခွက်တစ်ခုထဲကို အသုံးပြုတိုက်ကျွေးနေတာဖြစ်ပြီး အခုလို ခွက် ၁ ခွက်ထဲနဲ့ သောက်တာဟာ ကိုဗစ်ရှိသူသာပါလာရင် ဒေသတွင် ရောဂါပြန့်ပွားမှုနှုန်း ပိုမိုမြင့်တက်လာနိုင်တာကြောင့် ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

သာပေါင်းမြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းကစတင်ကာ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ခဲ့လို့ Stay at Home ထုတ်ပြန်ကြေငြာခဲ့ရသလို စျေးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

Credit