အာဏာ တည်မြဲရေး အတွက် လုံးပမ်းနေတဲ့ စစ်ကောင်စီလုပ်ရပ်

မြန်မာ ပြည်သူများက တော့ ကာကွယ်ဆေး ထိုးခံရဖို့ နေနေသာသာ အောက်စီဂျင်ကို အလုအယက် ရှာဖွေနေကြရပြီး ဆေးရုံများ ရှေ့တွင်လည်း လူနာကို လက်ခံဖို့ အရေး တန်းစီ တိုးဝှေ့နေကြရချိန်တွင် ဘင်္ဂလားဒေ့ရှ်ရှိ ကောက်ဘဇား ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဆိုသူများကတော့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရန် တန်းစီ စောင့်ဆိုင်း နေကြပြီ ဖြစ်သည်။

တကမ္ဘာလုံးက ကိုဗစ် တတိယလှိုင်း အား ခုခံ ကာကွယ်ရန် ပြင်ဆင်နေကြချိန်တွင် မြန်မာရှိ အာဏာသိမ်း အဖွဲ့ကတော့ ၎င်းတို့ အာဏာ တည်မြဲရေး အတွက် လုံးပမ်းနေရသဖြင့် မည်သို့မျှ စီမံဆောင် ရွက်ထားမှူမျိုး မရှိသည်မှာ အထင်အရှားတွေ့လာရသည်။

၎င်းတို့ကိုယ်၌ လည်း မစီစဉ်၊ ဆေးရုံများကလည်း လူနာများ လက်မခံ နိုင်၊ သို့ဖြစ်၍ လူနာ၏ အသက်ကို ဆွဲဆန့်နိုင်ဖို့ တခုတည်းသော အားထားရာ ဖြစ်သည့် အောက်စီဂျင် ကို အလုအယက် ရှာဖွေနေရချိန်တွင် “မလိုအပ်ပဲ သိုလှောင်မည်စိုး၍” ဟူသော အကြောင်းပြချက်ဖြင့် အောက်စီဂျင် စက်ရုံများကို အတင်းအဓမ္မ ပိတ်ပင်လာ၍ အသက်များဆုံးရှူံခဲ့ကြရသည်။

ထိုသို့ မြန်မာ စစ်တပ် ဗိုလ်ချုပ်များသည် ယခုအခါ ပြည်သူများ အတွက် အထူးလိုအပ်နေသော အောက်စီဂျင်အိုးများကို လုယက် သိမ်းယူနေသည့် အကြောင်းများကို နယူးယောက်တိုင်း သတင်းစာကြီးက ကမ္ဘာသိ ထုတ်‌ဖေါ်ရေးသားလိုက်ပြီ ဖြစ်သည်။

ဤသည်က ရာဇဝတ်ကြောင်းအရ ဆိုမူ criminal negligence ခေါ် ရာဇဝတ်မှု မြောက်သော လစ်လျုရှု့မှု အဖြစ် သတ်မှတ်၍ ရနေပေသည်။ ထို့အပြင် ရှေ့အပတ်အတွင်း ရုံးပိတ်ရက်များနှင့် တိုက်ပြီး တနိုင်ငံလုံးက လော့ဒေါင်း ချပစ်ရန် စီစဉ်နေပြီ ဖြစ်၍ အိမ်ထဲတွင် ပင် အသေခံရဖို့ ဖြစ်လာနေသည်။ ကိုဗစ် ပထမလှိုင်းတွင် အီကွေဒေါ နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် ပုံရိပ်များက လူထုကို ခြောက်လှန့်လာနေပြီ ဖြစ်သည်။

ထိုသို့ ရှေ့နောက် မစဉ်းစားပဲ စိတ်ထဲ ပေါ်သလိုလက်ပူ တိုက် နည်းလမ်းများဖြင့် အကြမ်းဖက်မှုများကို ကျူးလွန်နေကြသည်။

အကြမ်းဖက်မှု ကို အဓိပ္ပါယ် ဖွင့်ဆိုထားသည်က မိမိတို့ ခံယူထားသော နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့သာ အဓိကထားပြီး လူ့ဘောင် အဖွဲ့အစည်း၏ ငြိမ်းချမ်းသာယာရေးအား ပေလျကံ ပြုထားခြင်းပင် ဖြစ်သည်။ ထို့အတွက် မတရားမှူများကို လူထု၏ အမြင်တွင် တရားမျှတမှု ရှိလေဟန် ပြောဆိုလာကြသည်။ ဒီမိုကရေစီ ကျင့်စင်များသည် ၎င်းတို့၏ အကြီးမားဆုံး အနှောက်အယှက်ပေးမည့် ရန်သူကြီးသဖွယ် မှတ်ယူလာကြသည်။

လူ့အဖွဲ့အစည်းအားလည်း ၎င်းတို့ လိုရာ အသုံးချ၍ ရမည့် ဝတ္ထု ပစ္စည်း သဖွယ် မှတ်ယူ ထိန်းချုပ်လာကြသည်။

ဤသည်ကို ကြည့်က အကြမ်းဖက် အဖွဲ့အစည်းဆိုသည်မှာ မည်သူတွေ ဖြစ်နေကြသည်မှာ ထင်ရှားနေပေပြီ မဟုတ်ပါလော။

၎င်းတို့နှင့် ကွဲပြားစွာ လူထု၏ အမြင့်မားဆုံး မျှော်လင့်ချက်များ အတွက် တိုက်ပွဲဝင်ရန် ထွက်ပေါ်လာသည်က အမျိူသား ညီညွတ်ရေး အစိုးရ ပင် ဖြစ်သည်။

အများစု သည် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ၊ လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်လာသူများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ လောလောဆယ် တွင် ပြည်သူများအတွက် ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်အောင် ဦးဆောင်မှု ပေးနိုင်သည့် တခုတည်းသောအဖွဲ့အစည်းပင် ဖြစ်သည်ဟု ဝါရှင်တန် ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ထို့အတွက် အမေရိကန်အစိုးရ ထိန်းချုပ်ထားသော ဒေါ်လာ တစ်ဘီလီယံ ကို ရမည်ဆိုက အင်အားချိန်ခွင် လျှာ ပြောင်းလဲသွားနိင်ပေသည် ဟု သတင်းစာတွင် ဆက်လက် ရေးသားထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်

အမေရိကန်၏ ပွင့်ပွင့်လင်းလင်း ထောက်ခံမှု ရရှိလာသည်နှင့် အမျှ အခြားနိုင်ငံများကလည်း နောက်က လိုက်လာကြမည်သာ ဖြစ်သည်၊ ထိုအခါတွင် တရုတ် ၏ ထောက်ခံမှုလည်း အားပျော့သွားမည်သာ ဖြစ်သည်။

အမေရိကန်တို့ က စိတ်ပိုင်းဆိုင်ရာ သာ ထောက်ခံမှုပေးနေပြီး ကိုယ်ထိလက်ရောက် ကူညီပံ့ပိုးဖို့ တွန့်ဆုတ်နေသည်နှင့်အမျှ မြန်မာသည် အဘက်ဘက် က ပျက်စီးခြင်း ငါးပါး ဆိုက်တော့မည့် နိုင်ငံ ဖြစ်ရန် တစထက် တစ ချည်းကပ်လာနေပြီ ဖြစ်သည်။

သတင်းစာက မြန်မာအား ကယ်တင်နိုင်ရန် နိုင်ငံအားလုံး ရှေ့မှ နေ ပြတ်ပြတ်သားသား ဦးဆောင်မှူ ပေးရန် အချိန်ရောက်နေပြီဟု ဩဇာတက္ကိမ ကြီးမားသော ဝါရှင်တန် ပို့စ် သတင်းစာကြီးက တိုက်တွန်းလိုက်ပြီ ဖြစ်သည်။

အလားတူပင် အီတလီရှိ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး လေ့လာမှူ အင်စတီကျု ကြီးမှ မြန်မာစစ်တပ်သည် အာဏာကို ဖြစ်သည့်နည်းဖြင့် ဆုပ်ကိုင်သွားသည်မှာ ထင်ရှားနေပြီ ဖြစ်၍ အမျိူးသားညီညွတ်ရေး အစိုးရအား နိုင်ငံတကာမှ ထောက်ခံမှု ပေးသွားနိုင်ရေးသည် အရေးကြီးလာပြီ ဟု ထောက်ပြခဲ့ပြန်သည်။

ဒေါက်တာဆာဆာ

အဆိုပါစာတမ်းတွင်လည်း ပြည်သူတော်လှန်ရေး တပ်မတော်ကြီး အား PDF ယူနစ် ၂,၃၀၀ အထိ ဖွဲ့စည်း သွား မည်ဟု ပါရှိလာသည်။

ယခုအခါ ဖက်ဆစ်တို့ ကို တွန်းလှန်ခဲ့ရာမှ မြန်မာသမိုင်းတွင် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော တပ်မတော်ကြီးသည် ၎င်းတို့ကိုယ်တိုင် ဖက်ဆစ်များဘဝ ပြန်ရောက်ပြီး ပြည်သူတရပ်လုံး၏ မုန်းတီးရွံရှာမှူများကို တသက်တွင် တခါမျှ မကြုံဖူးအောင် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

မင်းအောင်လှိုင် အဖို့က အလိုတော်ရိများ၏ အယုံသွင်း မြှောက်ပင့်ပေးမှူများ အကြားတွင်နစ်သည်ထက် နစ်မွန်းလိုက်လာနေပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

HP