Local News

NLD လှိုင်အမတ် လက်နက်နဲ့ဖမ်းမိ၊ ကွင်းဆက် ၁၄ ဦးဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

NLD လှိုင်အမတ် လက်နက်နဲ့ဖမ်းမိ၊ ကွင်းဆက် ၁၄ ဦးဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

#MoreMrontVlog
16 July 2021

လှိုင်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်ကျော်ကျော်ဦးကို ဒဂုံမြို့သစ်မြို့နယ် ( မြောက်ပိုင်း)၊ ၄၆ ရပ်ကွက် သဇင်မြိုင်လမ်းမှာ ၉ မမ ပစ္စတို (Retay Xtreme) တစ်လက်၊ ကျည် ၂၅ တောင့်နဲ့အတူဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၆ မှာထုတ်ပြန်ပါတယ်။

နေအိမ်မှာတွေ့ရှိတဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိုးမြင့်လှိုင်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ ဦးအောင်ကျော်ကျော်ဦးကို မဖမ်းမိခင် စစ်ကောင်စီဟာ ဇူလိုင် ၁၀ နေ့တုန်းက မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမှာ NLD ပါတီလူငယ်အဖွဲ့ဝင်ဖြစ်တဲ့၊ လှိုင်-PDF အဖွဲ့ဝင် ထက်အောင်မင်းကို ကနဦးဖမ်းမိပါတယ်။ အဲဒီကနေ ဦးအောင်ကျော်ကျော်ဦးကို ခြေရာခံခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

လှိုင်အမတ် ဦးအောင်ကျော်ကျော်ဦးနဲ့ ထက်အောင်မင်း ထွက်ဆိုချက်ကိုအခြေခံပြီးတော့ ရုပ်ရှင်ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ခင်ပွန်း၊ ပိုင်ဆိုင်တဲ့ ဒဂုံမြို့သစ် ( မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက် ပင်လုံလမ်း၊ ရွှေကြာယံအိမ်ရာရှိ Pinlel Film Production Studio ကို ဝင်ရောက်ရှာဖွေတဲ့အခါ Studio မန်နေဂျာ စိုးအုပ်ပိုင်(ခ)ဆံရှည်၊ ၄၀ နှစ်၊ ဖြိုးအောင်ကျော်၊ ၃၁ နှစ်၊ အောင်ပိုင်ဖြိုး၊ ၂၅ နှစ်၊ စည်သူကျော်၊ ၂၆ နှစ်၊ လင်းထက်အောင်၊ ၂၁ နှစ်၊ စုစုပေါင်း ၅ ဦးကို ပွိုင့်-၂၂ သေနတ် ၁ လက်၊ နှစ်လုံးပြူးသေနတ် ၁ လက်၊ ခဲသီးသေနတ် ၁ လက် အပါအဝင် လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ ဆိုပါတယ်။

ဆက်ပြီးတော့ ကွင်းဆက်လိုက်ရှာတဲ့အခါ မျိုးကျော်သူ(ခ) ကိုမျိုး၊ ၃၃ နှစ်၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုမှာဖမ်းမိပြီးတော့၊ နွယ်ခွေကျေးရွာက Princess KTV နဲ့ The King Beauty Spa ကိုဝင်ရောက်ရှာဖွေတဲ့အခါ ထွန်းသက်ဦး၊ ၅၁ နှစ်၊ တင်ထွန်းဦး၊ ၃၀ နှစ်၊ အောင်ထက်ပိုင်၊ ၂၅ နှစ်၊ ချစ်လင်းနိုင်၊ ၂၄ နှစ်၊ နေနေအောင်၊ ၂၆ နှစ်၊ အောင်ကိုဦး၊ ၃၃ နှစ်၊ စုစုပေါင်း ၆ ဦးတို့ကို လက်လုပ်မိုင်း ၁၀ လုံး၊ လက်လုပ်မိုင်းအတွက်သုံးတဲ့ အမိုနီယမ်နိုက်ထရိတ် ၂.၄ ကီလိုဂရမ်နဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ဆိုပါတယ်။

ထွန်းသက်ဦး ပိုင်ဆိုင်တဲ့ မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာအုပ်စု၊ ရဲစုမြောက်ရပ်ကွက်၊ အောင်ရတနာလမ်းရှိ ဂိုဒေါင်သို့ သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ M-16 သေနတ် ၁ လက်၊ Pen Gun ၆ လက်၊ Short Gun အတို ၁ လက်၊ MG-1 အမျိုးအစား လက်ပစ်ဗုံး ၃ လုံး၊ 94 အမျိုးအစား လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၆၉၂ တောင့် အပါအဝင် လက်နက်ခဲယမ်းတွေမိတယ်လို့ ရေးထားပါတယ်။

ထက်အောင်မင်းထွက်ဆိုချက်ကို အခြေခံပြီးတော့ ဇူလိုင် ၁၂ ရက်နေ့မှာ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၃)လမ်းအနောက်မှာ နေထိုင်တဲ့ ခိုင်ဇာတင်ဦး(ခ) ခိုင်ဇင်ဦး၊ အသက်(၃၆) ကို ပွိုင့်-45 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈၀ ကျည်ဆံ ၅၅ တောင့်၊ ချိန်ကိုက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေ ဖမ်းမိတယ်လို့ဆိုပါတယ်။

ကွင်းဆက်အမှုတစ်ခုတည်းမှာ စုစုပေါင်း ၁၅ ယောက်အဖမ်းခံရတာဖြစ်ပါတယ်။

MoreMrontVlogမှကူးယူဖော်ပြသည်