Local News

တကမ္ဘာလုံး က ရွံရှာ မုန်းတီးလာနေကြပြီဖြစ်တဲ့ အာဏာသိမ်းစစ်တပ် (သူတို့လည်း အသက်ရှုကြပ်လာကြပြီ )

သူတို့လည်း အသက်ရှုကြပ်လာကြပြီ

စင်္ကာပူ မှ ၎င်း၏ နိုင်ငံသားများအား မြန်မာနိုင်ငံ
တွင်း လုံခြုံရေး တွင် သာမက ကိုဗစ် ရောဂါကူးစက်မှုများ ဆိုးဝါးလာနေ၍ အခြေအနေ ပေးတုန်း
အမြန် ထွက်ခွာကြရန် တိုက်တွန်းကြောင်း ရန်ကုန်ရှိ သံရုံး မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယခုအချိန်တွင် အာဏာသိမ်း တပ်များကို တကမ္ဘာလုံး က ရွံရှာ မုန်းတီးလာနေကြပြီ ဖြစ်သည်။

ကလေးသူငယ်များ အပြင် အပြစ်မဲ့ ပြည်သူ ၉၀၀ ခန့်အား သတ်ဖြတ်ခဲ့သည်သာ မက ဒီထက် ပို၍ဆိုးရွားလှသည့် ရွာလုံးကျွတ် မီးလောင်တိုက်သွင်းခဲ့မှူများကြောင့် အစိုးရ တရပ် အနေဖြင့် တရားဝင် ရပ်တည်နိုင်ခွင့် အပြီးအပိုင် ဆုံးရှုံးသွားခဲ့လေသည်။

တဖန် ကိုဗစ် နှင့် ပတ်သက်ပြီး မစဉ်းစား မဆင်ခြင်ဘဲပြုလုပ်ခဲ့မှုများကြောင့် ပြည်သူများ၏ နာကျည်း နေမှုများက အဆပေါင်းများစွာ မြင့်တက်လာနေပြီးယုတ်မာ ရက်စက်လွန်းသူများ အဖြစ် သတ်မှတ်ခံထားရသည့် အဆင့်သို့ ရောက်နေ‌ ပေသည်။

၎င်းတို့ လုပ်ချင်သည်များ၊ လုပ်သင့်သည်ဟု ထင်
သည်များကို ပြည်သူများ၏ ဆန္ဒကို အလေးမထားပဲ တဇွတ်ထိုး ပြုလုပ်ခဲ့သည်များ၏ ဒဏ်ကို ခံနေကြရပြီ ဖြစ်သည်။

အာ‌ဏာသိမ်း အဖွဲ့၏ လက်ဝယ် ဖမ်းဆီးခံနေရသော အမေရိကန် သတင်းစာ ဆရာ ဒမ်နီ ဖန်စတာကို အကြောင်းမဲ့ ဖမ်းဆီးထားသည်ကလည်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ပြန်ပို့ပေးရန် တောင်းဆိုနေသည်ကို ကြည့်လျှင်အလဲအလှယ် လုပ်ရန် ကြံစည်နေသည်မှာ လည်း သိသာနေသည်။

အမေရိကန် အစိုးရကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ပြန်လည် လွှဲအပ်ပေးရန် အာဏာသိမ်းအဖွဲ့၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသားပင် ပယ်ချလိုက်ပြီး ဖြစ်သည်။

လျပ်စစ်ဓါတ်အားပေးရုံးများကို ထိရောက်စွာ တိုက်ခိုက်နိုင်သည်ကို အားရကြောင်း၊ စစ်တပ်ထံမှ အောက်စီဂျင် သွားသယ် သူများကို လည်း ပြင်းထန်စွာ သတိပေးကြောင်း NUG မှ ထုတ်ပြန်သယောင် သတင်းအတုများလည်း ထုတ်လွှင့်လာသည်ကို တွေ့နေရသည်။

ထိုအနေအထားများကြောင့် စစ်တပ်သည် ပြည်သူများနှင့် ပြန်လည် ရင်ကြားစေ့နိုင်ဖို့ မည်သို့မျှ
ကမ်းလှမ်းဆောင်ရွက်နိုင်စွမ်း မရှိတော့ပဲ ယခု ပုံစံအတိုင်းသာ တိုင်းတပါးမှ လက်နက်အားကိုးဖြင့် ဝင်ရောက် ကျူးကျော်လာသူများကဲ့သို့ အုပ်ချုပ်သွားဖို့သာ ရှိပေတော့သည်။

သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံအား ယုတ္တိယုတ္တာ မဲ့သော စွပ်စွဲချက် ‌မျိုးစုံဖြင့် တရားစွဲဆိုထားမှုများနှင့် NLD အား နိုင်ငံရေး ပါတီ တခု အဖြစ် ရပ်တည်ပိုင်ခွင့်ကို ပိတ်ပင်ရန် ကြံစည်နေမှုများကို ကြည့်ပြီး မျှော်လင့်‌ နေသလို စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ် တက်မည် မဟုတ်ဆိုသည်ကလည်း ထင်ရှားလာနေသည်။

ယင်းနှင့် အတူ ပြည်သူ့ကိုယ်စားလှယ် များနှင့်ဖွဲ့စည်းထားသော အမျိုးသား ညီညွတ်ရေး အစိုးရသည်သာတရားဝင် အဖြစ် ကျန်ရစ်တော့၍ ကမ္ဘာနိုင်ငံ များအား အသိအမှတ် ပြု ဆက်သွယ် ဆောင်ရွက်သွားရန် တောင်းဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

ကမ္ဘာနိုင်ငံများ အနေဖြင့် နိုင်မည် အထင်ဖြင့် နောက်ပိုင်းတွင် ဆက်သွယ်ဖို့ ရှိနေသည်ဟု ယူဆနေပါက မူဝါဒ ပိုင်းဆိုင်ရာ အမှားကြီး ကျူးလွန်ရာ ကျပေတော့မည်။

မိမိတို့ မည်သည့်နည်းနှင့်မျှ လက်မခံနိုင်သော အစိုးရမျိုး အား လက်ကမ်းလာသူမှန်သမျှအား ဂုဏ်သိက္ခာ မဲ့သော နိုင်ငံများ အဖြစ် သတ်မှတ်လာကြမည်သာ ဖြစ်သည်။

အနောက်နိုင်ငံများ အနေဖြင့် NUG အား တရားဝင်အသိအမှတ်ပြုလိုက်သည်နှင့် အာဏာသိမ်း အဖွဲ့က သံရုံးများ ပိတ်ပစ်ပြီး နိုင်ငံတွင်းမှ မောင်းထုတ်သည် အထိ လက်တုန့်ပြန်လာနိုင်သည်။ ထိုအခါတွင် ၎င်းတို့အဖို့ မြေပြင် အခြေအနေများ နှင့် လုံးဝ ကင်းကွာ
သွားပြီး တရုတ်နှင့် ရုရှားတို့ ချယ်လှယ်လာမည့်အရေးအပေါ် စိုးရိမ်နေ၍ လည်း ဖြစ်သည်။

ဇူလိုင် ၁၆ ရက်နေ့ နေ့စွဲဖြင့် ကုလလူ့အခွင့်‌အရေး
ကော်မရှင် ရုံးချုပ်မှ ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာပြည်ရှိ ကလေးလူငယ်များ အားလုံးသည် အခြေခံကျန်းမာရေး စောင့်ရှောက်မှု နှင့် ပညာရေးအခွင့်အလန်းများ ဆုံးရှူံးနေရမှု များကြောင့် ၎င်းတို့ဘဝတလျှောက်လုံး ထိခိုက်နစ်နာသွားတော့မည်အရေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဖေါ်ပြထားသည်။

ယူနီဆက် ၏ စာရင်းဇယား များ အရ ကလေးသူငယ်ပေါင်း ၄၀,၀၀၀ ခန့်သည် အစာအဟာရ ချို့တဲ့မှု ဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရပြီဟုလည်း ဆိုသည်။

စစ်ဗိုလ်ချုပ်များသည် ကိုဗစ် ကို အကြောင်းပြုပြီး နိူင်ငံတကာ မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဝင်ရောက်လာပြီး ၎င်းတို့အား အသိအမှတ် ပြုလာမည့်ကို မျှော်လင့်ပြီး အခြေအနေများ ဆိုးဝါးအောင်တမင် ဖန်တီးနေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံရေး အကြံပေးကောင်စီ က ပြောဆိုလိုက်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Credit – Nitte