Local News

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒေါက်တာတိုးအောင်ဆိုသူက လွမ်းသူ့ပန်းခွေချ

ဒီကနေ့ ၂၀၂၁ ခုနှစ် ဇူလိုင်၁၉ရက်မှာ ကျရောက်တဲ့ ၇၄နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုကိုယ်စားဆိုကာ ရန်ကုန်စည်ပင်ဌာနမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာတိုးအောင်ဆိုသူက လွမ်းသူ ပန်းခွေချ ဂါရဝပြုခဲ့တာကို စစ်တပ်ပိုင် မြဝတီရုပ်သံမှာပြသတာတွေ့ရပါတယ်။

ဒီနှစ်အာဇာနည်နေ့အခမ်းအနားဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဖန် နေအိမ်အကျယ် ချုပ်နဲ့ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံထားရချိန်မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားလည်းဖြစ်ပါတယ်။

ယခင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာကျင်းပခဲ့တဲ့အာဇာနည်နေ့အခမ်းအနားအများစုကို ထိုစဉ်က နေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခွင့်ရှိတာတွေ့ရပါတယ်။

အခု စစ်ကောင်စီလက်ထက်အာဏာသိမ်းကာလမှာတက်ရောက်တာမတွေ့တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိသလို တဖက်မှာလည်း ကိုဗစ် ၁၉ ကပ်ရောဂါတတိယလှိုင်းကို အပြင်းအထန်ရင်ဆိုင်နေရတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ အတိုင်ပင်ခံအနေနဲ့ ခုလို ပြင်ပကိုမထွက်တာအန္တရာယ်ကင်းတယ်လို့လည်း ပြောဆိုမှုတချို့ရှိနေပါတယ်။

ဒီကနေ့အာဇာနည်နေ့ကို အခြား အာဇာနည်မိသားစုဝင်တွေကို ဖိတ်ကြားပေမယ့် မိသားစုဝင် အများစုက တက်ရောက်တာမရှိဘဲ ကိုယ်စားလွမ်းသူပန်းခွေချ တာကို တွေ့ရပါတယ်။

သခင်မြရဲ့ မိသားစုဝင်များ ယခင်အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်ဂါရဝပြုစဉ်ပုံဟောင်းများ

ဇူလိုင် ( ၁၉) ရက် အာဇာနည်နေ့ အခမ်းအနားကိုအာဇာနည် (၉)ဦးထဲက သခင်မြရဲ့ မိသားစုဝင်တွေဟာ ကျန်းမာရေး အခြေအနေကြောင့် မတက်ဖြစ်ဘူးလို့ဆိုပါတယ်။

“ပထမက ဇူလိုင်လဆန်းမျက်စိခွဲပြီး အာဇာနည်နေ့ တက်ဖို့ ရည်ရွယ်ပေမယ့် ဆရာဝန်ကနေမကောင်းလို့ cancel လုပ်တော့မခွဲဖြစ်ဘူး။ ကျွန်တော်ကမျက်စဉ်းခပ်နေရတာ မျက်စိကဝါးနေတယ်။

ညီမကလည်း ခြေထောက်ကျိုးထားတော့ အဆင်မပြေ။ ကျွန်တော့်အမျိုးသမီးကို တက်ခိုင်းဖို့ကလည်း နေမကောင်းဖြစ်ချင်သလိုဖြစ်တော့ ကိုဗစ်လည်းစိုးရိမ်ရတော့ မတက်ဖြစ်တော့ဘူး။ အခုက ကိုဗစ်ကစိုးရိမ်နေရတာ၊ ဖြစ်ရင်လည်း ဘယ်သွားရမလဲမသိဘူး။

ဒီရက်ပိုင်းကပဲ မတက်ဖြစ်ကြောင်းပြောလိုက်တယ်။ လွမ်းသူ့ပန်းခွေ ကိုယ်စားချပေးပါ။ ပန်းခွေဖိုး ပိုက်ဆံပြန်ပေးပါ့မယ်လို့ ပြောထားတယ်” အာဇာနည် သခင်မြရဲ့ သားဖြစ်သူ ဦးရဲမြင့်အောင်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးကျရောက်တဲ့ ၇၄ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တာမတွေ့ရဘဲ စစ်ကောင်စီလက်အောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဦးကိုကိုက တက်ရောက် ဂါရဝပြုတာပဲတွေ့ရပါတယ်။

Source: BBC