Local News

အိန္ဒိယဆိုးညာဏ်ဗားရှင်း စစ်အစိုးရလိုက်တုနေပြီလား

အိန္ဒိယဆိုးညာဏ်ဗားရှင်း စစ်အစိုးရလိုက်တုနေပြီလား (Commentary)
—————————————————-
#MoreMrontVlog

အိန္ဒိယမှာပြီးခဲ့တဲ့နှစ် ၇ လပိုင်းအထိသေဆုံးမှုကဏန်းနဲ့ဒီနှစ် (၂၀၂၁) ၇ လပိုင်း သေဆုံးမှုနှစ်ခုကိုနှိုင်းယှဉ်တဲ့အခါ လူသေဆုံးမှု ၁၀ ဆ မြင့်တက်နေတာတွေ့ရတယ်လို့ DW ဆောင်းပါးတစ်ပုဒ်မှာဖော်ပြပါတယ်။

အိန္ဒိယအစိုးရအကြီးတန်းအကြံပေးဟောင်းနဲ့တခြားသုတေသီနှစ်ဦးက ပူးပေါင်းဆောင်ရွက်တဲ့ လေ့လာမှုတစ်ရပ်ကိုအခြေခံပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀၂၀ ကနေ ဇွန်လ ၂၀၂၁ ကြားမှာသေဆုံးသူက လူ ၃ သန်းကနေ ၄.၇ သန်းအထိရှိနိုင်တယ်လို့ အဲဒီစစ်တမ်းကဆိုပါတယ်။

အိန္ဒိယအစိုးရရဲ့တရားဝင်ကိန်းကဏန်းကတော့ လူပေါင်း လေးသိန်းတစ်သောင်းလေးထောင်ကျော်သာ (414,000) ရှိပါတယ်။ ဒီကိန်းကဏန်းကတော့ လူတွေဆေးရုံမှာအောက်ဆီဂျင်ပြတ်လတ်မှုကြုံရလို့တန်းစီနေတဲ့ ပုံတွေ၊ အလောင်းတွေမီးရှို့ရာကနေထွက်လာတဲ့ အမှိုက်တွေတောင်လိုပုံလာတော့မှ ထွက်ပေါ်လာတဲ့ကိန်းကဏန်းပါ။

အိန္ဒိယအစိုးရကတော့ ဒီစစ်တမ်းက မဟုတ်တမ်းတရား အဆမတန်ချဲ့ကားပြောဆိုတာဆိုပြီးတော့ ပယ်ချပါတယ်။ ကိုဗစ်ကူးစက်ခံရမှုနှုန်းတွေ ကျလာနေတယ်လို့လည်းဆိုပါတယ်။ အခုချိန်အိန္ဒိယရဲ့အတည်ပြုလူနာပေါင်း ၂၆.၉၅ သန်းနဲ့ရပ်နေပါတယ်။ ၂၀၂၀ ဇန်နဝါရီလကုန်လောက်မှာ ပထမလှိုင်းအဖြစ်အတည်ပြုလူနာ ၁.၃ ဘီလီယံရှိတဲ့အထဲက လူပေါင်း ၃ သိန်းကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆို ဒါဟာ ဒီမိုကရေစီသက်တမ်းရင့်တဲ့ နိုင်ငံတစ်ခုမှာဖြစ်ပျက်တဲ့
ပွင့်လင်းမြင်သာမှုဆိုင်ရာပြသနာတစ်ရပ်ဖြစ်ပါတယ်။ ဒါဖြင့် စစ်တပ်ကအာဏာသိမ်းထားတဲ့ ကျနော်တို့နိုင်ငံမှာရော ဘယ်လိုဖြစ်နေလဲ ကြည့်ရအောင်ပါ။

အိန္ဒိယရဲ့ဆိုးညာဏ်လိုမျိုး စစ်ကောင်စီဟာ ကိုဗစ်သေဆုံးမှုလူနာကို ထိန်ချန်မယ်ဆိုတဲ့ဖြစ်နိုင်ခြေရှိနေပါတယ်။ ဘာလို့ဆို အစကတည်းက စစ်ကောင်စီဟာ သတင်းတွေကို အမှန်နည်းနည်း၊ အမှားများများနဲ့ အမှန်အမှားရောထွေးပြီးတော့ ကိုလိုချင်တဲ့ပုံစံဖြစ်အောင် ဖြတ်ညှပ်ကပ်လုပ်ပြီး ထုတ်ပြန်တာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။

ဥပမာအားဖြင့် နိုင်ငံခြား (တရုတ်ကနေ) အောက်ဆီဂျင်ကားကြီးတွေနဲ့ကို သယ်ယူပြီးတော့ ဖြည့်ပေးနေတယ်လို့ သတင်းတွေထုတ်ပြန်ပါတယ်။ တဖက်မှာတော့ အောက်ခြေက ဆေးကုသပေးတဲ့ CDM ဆရာဝန်တွေကိုဖမ်းသလို၊ အောက်ဆီဂျင်စက်ရုံတွေကိုဖိအားပြီးတော့ ပိတ်ခိုင်းတာတွေလုပ်ပါတယ်။

အောက်ဆီဂျင်စက်ရုံကို တားဆီးပြီးနောက်မှာတော့ သူတို့ဖြည့်ပေးတဲ့အိုးတွေကိုပဲ လူထုအတွက် သူတို့ဖြည့်ပေးပါတယ်ဆိုတဲ့ လိမ်ဆင်တွေကို လုပ်ပါတယ်။ တခါ ဆေးကုသမှုပေးနေတဲ့ CDM ဆရာဝန်တွေ ကျန်းမာရေးလုပ်သားတွေကို ဖမ်းပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကိုဗစ်ကို ဘယ်လိုထိန်းချုပ်ဖို့ကြိုးစားနေပါကြောင်း၊ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အလုံအလောက်ရှိပါကြောင်းတွေ
လိမ်ညာလျှက်ရှိပါတယ်။

ဒါပေမဲ့ တစ်နေ့တည်းမှာ လူရာချီသေနေတဲ့ ရန်ကုန်က သုသန်တွေမှာတော့ အလောင်းတွေ အပုံလိုက်ထပ်နေပါပြီ။ နယ်တွေမှာလည်း အောက်ဆီဂျင်ပြတ်လတ်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေ၊ အသိပညာပေးမှု နောက်ကျတာတွေကြောင့် ကိုဗစ်ကူးစက်ခံရသူများပြားနေပြီး သေဆုံးမှုတွေကလည်း နေ့တိုင်းလိုလိုရှိနေပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာက ကိုဗစ်သေဆုံးလူနာ ကိန်းကဏန်းအမှန် အာဏာသိမ်းစစ်အစိုးရ လက်အောက် အလုပ်လုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက တကယ်ရိုးသားပါ့မလားဆိုတဲ့ မေးခွန်းရှိနေပါတယ်။ ဘာလု့ိဆိုတော့ အိန္ဒိယမျိုးဗီဇကွဲ ဒေလ်တာပိုး မြန်မာပြည်ကိုရောက်နေတာ ဘယ်ကတည်းကဆိုတဲ့အကြောင်းကို စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထိန်ချန်ခဲ့ပါတယ်။ ကျောင်းတွေလည်းဆက်ဖွင့်ပါတယ်။ အခြေအနေမဟန်တော့မှ ကျောင်းပိတ်မယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဇူလိုင် ၁၉ အထိ ပိုးတွေ့သူက နှစ်သိန်းသုံးသောင်းကျော် ( 234,710 ) ရှိတယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။ လူတစ်သောင်းသုံးထောင်စစ်ရာမှာ လူငါးထောင်ကျော်က ပိုးတွေ့ပါတယ်။ အဲဒီနေ့တုန်းက သေဆုံးသူ ၂၈၁ ဦးရှိတယ်လို့ဆိုပါတယ်။ စုစုပေါင်းက ၅၂၈၁ ဦးသေဆုံးပြီလို့ဆိုပါတယ်။

တကယ်တော့ သတင်းတွေမှာမြင်တွေ့နေရတဲ့ အရပ်ဘက်အဖွဲ့တွေ၊ သုသန်က နာရေးကူညီသူတွေ၊ မိသားစုဆုံးရှုံးလိုက်ရသူတွေရဲ့မျက်မြင်ပြောစကားတွေနဲ့ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့သေဆုံးမှု ကိန်းကဏန်းတွေဟာ အတော်လေးကွာဟနေပါတယ်။

ကျနော်မြင်တာကတော့ NUG အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဒီကိစ္စကို မော်နီတာ လုပ်ဖို့လိုတယ်လို့မြင်ပါတယ်။ ဒါမှသာ စစ်အာဏာသိမ်းထားတဲ့ စစ်နဲ့ကပ်ဘေးကြားမှာ လူထုအသက်ဘယ်လောက်ဆုံးရှုံးတယ်ဆိုတဲ့ ကိန်းကဏန်းအမှန်ကို သိရှိနိုင်မယ်လို့မြင်ပါတယ်။ လတ်တလောတော့ NUG ဘက်က နေ့စဉ်လူသေဆုံးမှုကိစ္စတွေကို ထုတ်ပြန်နိုင်တာမျိုး မတွေ့မိသေးပါဘူး။

Photo: MPA