ကုလ သံအမတ်ကြီးနေရာအတွက် စကစ က ထပ်မံကြိုးပမ်းနေ

နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ် သံအမတ်ကြီးနေရာအတွက် သူတို့ခန့်အပ်ထားသူကို အသိအမှတ်ပြုပေးဖို့ စကစ နိုင်ငံခြားရေးဝန်ကြီးက ထပ်မံတောင်းဆိုလိုက် ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း

စကစ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလ အတွင်းရေးမှူးချုပ် Antonio Guterres ထံ ပေးပို့တဲ့စာထဲမှာ အခုလိုတောင်းဆိုထားတာဖြစ်ပါတယ်။

ဒီစာရဲ့မိတ္တူကို AP သတင်းဌာနက လက်ခံရရှိထားပြီး လက်ရှိသံအမတ် ဦးကျော်မိုးထွန်းအစား စစ်တပ်က ခန့်အပ်တဲ့ စစ်အရာရှိဟောင်း ဦးအောင်သူရိန်ကို လက်ခံဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

လက်ရှိ သံအမတ် ဦးကျော်မိုးထွန်းဟာ ညွှန်ကြားချက်တွေကိုမလိုက်နာတဲ့အတွက် ဖေဖေါ်ဝါရီ ၂၇ ကတည်းက တာဝန်ကနေရပ်ဆိုင်းထားပြီးဖြစ်တယ်။

ဒါကြောင့် သူနေရာမှာ စစ်ဖက်အရာရှိဟောင်းတဦးဖြစ်သူ ဦးအောင်သူရိန်ကို အစားထိုးလက်ခံဖို့ တင်ပြထားပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို အတိအလင်းဆန့်ကျင်ပြီး ရွေးကောက်ခံအမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံ အားပေးခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အပြတ်သားဆုံးဆန့်ကျင်ကြဖို့၊ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၊ ကုလ အစည်းဝေးခန်းမအတွင်း ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပြီး နိုင်ငံတကာ သံတမန်တွေက လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း

အဲဒီလိုပြောဆိုပြီးကတည်းက ဦးကျော်မိုးထွန်းကို တာဝန်ကရပ်ဆိုင်းတယ်လို့ စကစ ကကြေညာထားပေမယ့် အခုချိန်အထိ ကုလသမဂ္ဂဖက်က စကစ ရဲ့ စာတွေကို လက်ခံစဉ်းစားခြင်းမရှိသေးပါဘူး။

အခု နောက်ဆုံးစာမလာခင် အရင်စာကို မေလ ၁၂ ရက်မှာ စကစ ကပေးပို့ထားတာဖြစ်ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး ကုလ အထွေထွေညီလာခံက တာဝန်ပေးထားတဲ့ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံပါ credentials committee က ဆုံးဖြတ်ချက်ချပေးရမှာဖြစ်ပါတယ်။

ကုလ လက်ထောက်ပြောခွင့်ရသူ Farhan Haq ကတော့ ဒီစာနဲ့ပတ်သက်ပြီး ၉ နိုင်ငံပါ ကော်မီတီရဲ့ဆွေးနွေးပွဲလုပ်မယ့်အစီစဉ်မရှိသေးဘူးလို့ သူနားလည်ထားတယ်လို့ ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အနိုင်ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် သက်တန်း အုပ်ချုပ်ခွင့်ပေးဖို့ ဇွန်လ အထွေထွေညီလာခံအတွင်း ညွန်းဆိုပြောကြားခဲ့ပါတယ်။

Source: AP
Burma News