International News

အိမ်သာကိုတောင် ရွှေချထားတဲ့ ရုရှားရဲမှူးကြီးတစ်ဦး လာဘ်စားမှုနဲ့ အဖမ်းခံရ

ရုရှားရဲချုပ်အရာရှိတစ်ဦးဟာ နန်းတော်ကြီးတခုအလားခမ်းနားထည်ဝါတဲ့နေအိမ်ကြီးကို ဆောက်လုပ်ပြီး အိမ်သာကိုလည်း ရွှေပါချထားတဲ့အထိ ဖန်တီးပြုလုပ်ခဲ့ပြီးနောက် လာဘ်စားမှုကြောင့် အလုပ်ထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

Getty Images

အသက် ၄၅ နှစ်အရွယ် Alexey Safonov ဆိုသူဖြစ်ပြီး Stavropol ဒေသက ရဲမှူးကြီးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

သူနဲ့အတူ အခြားအရာရှိ ၃၅ ဦးဟာ မာဖီးယားဂိုဏ်းတည်ထောင်ထားတယ်လို့လည်း စွပ်စွဲခံထားရပြီး အဆိုပါဂိုဏ်းဟာ လာဘ်ပေးလာဘ်ယူမှုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ခဲ့ပြီး ငွေညှစ်မှုတွေလည်း ရှိခဲ့ကာ ခမ်းနားထည်ဝါတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ဖို့ ငွေကြေးစုဆောင်းခြင်းတွေရှိခဲ့ပြီး Safonov အတွက်လည်း ထည်ဝါခမ်းနားတဲ့နေအိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

Safonov ရဲ့ အမှုကိုစစ်ဆေးနေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိဟာ ရွှေချထားတဲ့ အိမ်သာ၊ ရေချိုးဇလုံ၊ နေအိမ်အခန်းတွင်းအပြင်အဆင်တွေကို ဓာတ်ပုံရိုက်ကူးပြီး ဖော်ပြခဲ့ပါတယ်။

Getty Images

နံရံနဲ့ ကြမ်းပြင်တွေကို စကျင်ကျောက်တွေနဲ့ ပြုလုပ်ထားပြီး ရွှေရောင်ခြယ်သထားတဲ့ ရေချိုးခန်းနံရံမှာလည်း ၁၇ ရာစုနဲ့ ၁၈ ရာစုက ခေတ်စားခဲ့တဲ့ အနုပညာလက်ရာနဲ့ မှန်ချပ်ကြီးကို ချိတ်ဆွဲထားတာကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

နေအိမ်ဒုတိယထပ်မှာတော့ ခမ်းနားတဲ့အခန်းငယ်တွေနဲ့ဖွဲ့စည်းထားပြီး တကယ်ကိုဇိမ်ခံနန်းတော်ကြီးတစ်ခုပမာ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။

ရွှေလှေကားထစ်၊ မျက်နှာကျက်နံရံဆေးရေးပန်းချီကား၊ နံရံကပ်အနုပညာအလှလက်ရာတွေ၊ ခန်းစီးစရှည်တွေ၊ နံရံအလှဆင်အနုပညာလက်ရာတွေနဲ့ တစ်အိမ်လုံးကို မွမ်းမံပြင်ဆင်ထားပြီး လူကုံထံတစ်ဦးပမာ ကြီးကျယ်ခမ်းနားစွာနေထိုင်နေခဲ့တာဖြစ်ပါတယ်။

Getty Images

ချွေးထုတ်ခန်း၊ ဘိလိယက်ထိုးခန်းတို့လို ဇိမ်ခံပစ္စည်းတွေလည်း ပါဝင်ခဲ့ပြီး Safonov နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဒေသခံကားသမားတွေဆီက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ကုန်တင်ကားဒရိုင်ဘာတွေကို လုံခြုံစိတ်ချစွာလွတ်မြောက်သွားနိုင်ဖို့ စစ်ဆေးပြီးကြောင်းလက်မှတ်တွေကို ရောင်းချခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ နံပါတ်ပြားတွေရောင်းချခြင်းကနေလည်း အမြတ်အစွန်းများစွာရရှိခဲ့သေးတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

Getty Images

ဒေသခံအာဏာပိုင်တွေဟာ ရွေးကောက်ပွဲမတိုင်မီမှာပဲ ဂိုဏ်းကို နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ ပူတင်ရဲ့ United Russia Party အနိုင်ရဖို့ မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုရရှိအောင် ချေမှုန်းပြခဲ့တာလို့လည်း ယူဆရပါတယ်။

Stavropol ဒေသမှာ မာဖီးယားအစစ်အမှန်တစ်ဦးကို စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်” လို့ United Russia နိုင်ငံရေးပါတီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် Alexander Khinshtein က ဆိုပါတယ်။

Getty Images
Getty Images

Safonov နဲ့ သူ့ရဲ့အဖွဲ့ဝင် ၆ ဦးအထိ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်ခံနိုင်ပြီး ကိစ္စရပ်ပေါင်း ၈၀ ကနေ ပေါင် ၂သိန်းအထိ လာဘ်စားမှုပြုလုပ်ခဲ့တဲ့ တိုက်ရိုက်သက်သေတွေကို ရှာတွေ့ခဲ့ကြောင်းလည်း ဆိုပါတယ်။

သူနဲ့အတူ အခြားသောထိန်းသိမ်းခံထားရသူတွေဟာ အစိုးရလုပ်ခလစာထက် ပိုမိုကျော်လွန်တဲ့ အနေအထားမျိုးနဲ့ နေထိုင်နေခဲ့ကြတယ်လို့လည်း ရုရှားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

River News