ရန်ကုန်မှာ ရုပ်အလောင်းတွေကို မြေကြီးသယ်ကားတွေနဲ့တင်ပြီး လူခြေတိတ်ချိန်မှာ မြေမြှုပ်တာတွေရှိနေ

ရန်ကုန်မှာ ရုပ်အလောင်းတွေကို မြေကြီးသယ်ကားတွေနဲ့တင်ပြီး လူခြေတိတ်ချိန်မှာ မြေမြှုပ်တာတွေရှိနေ

ရန်ကုန်မြို့က ရေဝေးနဲ့ ထိန်ပင်သုဿာန်တွေမှာ ဘယ်ကမှန်းမသိတဲ့ ရုပ်အလောင်းအများအပြားကို မြေကြီးသယ်ကားတွေနဲ့တင်ပြီး လူခြေတိတ်ချိန်မှာ မီးသဂြိုဟ်တာတွေရှိနေတယ်လို့ သုဿာန်တွေအနီးမှာ နေထိုင်သူတစ်ဉီးကပြောပါတယ်။

ရုပ်အလောင်းတွေကို ပုံမှန်အတိုင်းမီးမရှို့နိုင်ရင် ရေဝေးက အလောင်းတွေကို ထိန်ပင်ကို ပို့တာဖြစ်နိုင်သလို ထိန်ပင်က အလောင်းတွေကို ရေဝေးကိုပို့တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မြေကြီးသယ်ကားနဲ့တင်တဲ့အလောင်းတွေ ဟာ စာရင်းရှိအလောင်းတွေ ဟုတ်မဟုတ်လည်း မသိနိုင်ဘူးလို့ဆိုပါတယ်။

“မိုးချုပ်ရင် အဲ့ ဘောက်ကားနှစ်စီးကရောက်လာပြီ။ မိုးချုပ်လူခြေတိတ်တဲ့အချိန်ဆို အလောင်းတွေ အဲ့ကားနဲ့တင်တယ်။ အကုန်မီးမရှို့ဘူးလေ။ ကျွန်တော်တို့ကြားတာတော့ ထိန်ပင်မှာ မြေမြှုပ်တယ်လို့ပြောတယ်။ အကုန်မရှို့နိုင်ဘူးလေ။ ညနေဆိုရင်ရေဝေးရှေ့မှာရပ်ထားပြီ အမြဲတမ်းပဲ” လို့ သုဿာန်တွေအနီးမှာ နေထိုင်သူက ပြောပါတယ်။

DVB အနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေမယ့် နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စုံစမ်းနေပါတယ်။
ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်ကြောင့် အောက်စီဂျင်မရတဲ့သူတွေသေဆုံးနှုန်းမြင့်တက်ခဲ့ပါတယ်။ ဇူလိုင် ၁၃ရက်နေ့နဲ့ ၁၄ရက်နေ့တွေတုန်းက မီးသဂြိုဟ်စက်ရှေ့ကြမ်းပြင်ပေါ် အလောင်းတွေချပြီးတန်းစီရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

ဇူလိုင် ၂၀ရက်နေ့တုန်းက ရန်ကုန်မြို့က သုဿာန်လေးခုမှာ တစ်ရက်တည်းရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါး သဂြိုဟ်ခဲ့ရပါတယ်။ စစ်ကောင်စီက နေ့စဉ်ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းတွေထုတ်ပြန်ခဲ့ပေမယ့် မြေပြင်အခြေအနေနဲ့ သိသိသာသာကွာခြားခဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

credit