International News

ရုရှားက SU-30 တိုက်လေယာဉ်တွေ စစ်ကောင်စီအတွက် ပို့ပေးဖို့စီစဉ်နေ

ရုရှားက SU-30 တိုက်လေယာဉ်တွေ စစ်ကောင်စီအတွက် ပို့ပေးဖို့စီစဉ်နေ

MoreMrontVlog

အာဏာသိမ်းစစ်ကောင်စီကမှာယူထားတဲ့ ရုရှားတိုက်လေယာဉ် SU-30 တွေမြန်မာသို့ပို့ဆောင်ပေးဖို့ဆာင်ရွက်နေတယ်လို့ Moscow Times သတင်းစာက ဇူလိုင် ၂၃ ရက်နေ့မှာဖော်ပြပါတယ်။

ရုရှားထိပ်တန်းကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးပြောကြားချက်ကို Interfax သတင်းဖော်ပြချက်ကို ကိုးကားပြီးတော့ ပြန်လည်ဖော်ပြကြတာဖြစ်ပါတယ်။

အရာရှိ Alexander Mikheev က ” ကျနော်တို့နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာလက်နက်တွေ၊ လေယာဉ်တွေအပါအဝင်၊ ထောက်ပံ့ပေးနိုင်ရေးအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်” လို့ သောကြာနေ့ကပြောဆိုခဲ့ပါတယ်။

သူက ထပ်ပြီးတော့ အသေးစိပ်ထုတ်ပြောခဲ့တာတော့မရှိပါဘူး။ Alexander Mikheev ဟာ Rosoboronoexport ရဲ့ဌာနမှူးဖြစ်ပါတယ်။ Rosobronoexport ဟာ ရုရှားစစ်လက်နက်တွေရောင်းချရာမှာ သယ်ယူပို့ဆောင်ရေးကိစ္စတွေကိုပါဆောင်ရွက်ပေးတဲ့ စစ်တပ်ပိုင်ကုမ္ပဏီဖြစ်ပါတယ်။

မကြာသေးခင်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ရုရှားသွားရောက်တဲ့ခရီးစဉ်မှာ သွားရောက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ရေကြောင်းသယ်ယူပို့ဆောင်ရေးကိစ္စကို ကူညီပေးဖို့အသင့်ရှိတယ်လို့လည်း ရုရှားကာကွယ်ရေး ဒုဝန်ကြီးက ထုတ်ပြောထားပါတယ်။

ရုရှားစစ်တပ်က မြန်မာစစ်တပ်ကို SU-30 တိုက်ခိုက်ရေးဂျက်လေယာဉ်ခြောက်စင်းရောင်းချပေးဖို့ ၂၀၁၈ တုန်းက သဘောတူညီမှုရခဲ့ပါတယ်။ အဲဒီကာလတုန်းက ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော်ကို ရခိုင်ပြည်နယ်မောင်တောကနေ မောင်းထုတ်လို့ လူမျိုးစုသုတ်သင်ရှင်းလင်းရေးအဖြစ် ကုလ UN ရဲ့သတ်မှတ်ခြင်းကို ခံထားရချိန်လည်းဖြစ်ပါတယ်။

DW သတင်းမှာတော့ ရုရှားဖက်ဒယ်ဒရယ် စစ်ဘက်ဆိုင်ရာနည်းပညာကော်ပရေးရှင်းရဲ့ အကြီးအကဲဖြစ်တဲ့ Dmitry Shugayev က လက်ရှိအချိန်မှာ မြန်မာစစ်တပ်က ရုရှားထုတ် Yak-130 နဲ့ MiG-29 ဖိုက်တာဂျက်တွေကို အသုံးပြုနေတယ်လို့ပြောပါတယ်။ သူ့ရဲ့ပြောဆိုချက်အရ ရုရှားဟာ မြန်မာကို နောက်ထပ် Yak-130 ရောင်းချဖို့လည်းရှိနေပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှုပိတ်ဆို့ရေးအစီအစဉ်နဲ့ အာဏာပြန်လွဲပြောင်းပေးရေးအစီအစဉ်တစ်ရပ်ကို ကုလသမဂအထွေထွေညီလာခံမှာမဲခွဲဆုံးဖြတ်တဲ့အခါ အဆိုဟာအောင်မြင်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရုရှားနဲ့မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ပင်လယ်ရေကြောင်းပူးပေါင်းရေးကိုပို ပိုပြီးတော့ အဆင့်မြှင့်ဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်မှာဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာတဲ့ ရုရှားအကောက်အခွန်ဌာနရဲ့အချက်အလက်အရ စစ်ကောင်စီဟာ ဒေါ်လာ ၁၄.၇ သန်းတန်ကြေးရှိတဲ့ ထောက်လှမ်းရေး ရေဒါပစ္စည်းတွေ အဲဒီလမှာပဲ မှာယူခဲ့ပါတယ်။ ဒါဟာ ဒေါ်လာ ၉၆ သန်းတန်ကြေးရှိတဲ့ စစ်ဖက်ဆိုင်ရာ လက်နက် (ပန်ဆာမစ်ဇိုင်းအပါအဝင်) တွေ ၂၀၂၀ ဒီဇင်ဘာလမှာ ပို့ဆောင်ပေးပြီးနောက် ဝယ်ယူတဲ့ပမဏာဖြစ်ပါတယ်။

Credit – MoreMrontVlog

မူရင်းရေးသားထားသောMoreMrontVlogအား လေးစားစွာ Credit ပေးပါသည်…