Local News

လက်ရည်စစ်ပွဲမှာတင် ပြိုင်ပွဲမှထွက်ခဲ့ရတဲ့ မြန်မာသေနတ်ပစ် ကစားသမား

တိုကျိုအိုလံပစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာသေနတ်ပစ် အားကစားသမား ရဲထွန်းနောင်သည် ယနေ့ (ဇူလိုင် ၂၄ ရက်) တွင် လက်ရည်စစ်ပွဲက စားရာ မအောင်မြင်ခဲ့ဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

မြန်မာသေနတ်ပစ် ကစားသမား ရဲထွန်းနောင်

ယနေ့တွင် သေနတ်ပစ်အားကစားနည်းထဲမှ အမျိုးသား (၁၀) မီတာလေပစ္စတိုပြိုင်ပွဲ၌ မြန်မာကစားသမား အပါအ၀င် ကစားသမား ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရည်စစ်ပွဲ (Qualification Round) ကစားရကာ အဆင့်တစ်မှ ရှစ်အထိရရှိသည့် ထိပ်ဆုံး ရှစ်ဦး သာလျှင် Final Round အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် သေနတ်ပစ်ကစားသမား ရဲထွန်းနောင်မှာ လက်ရည်စစ်ပွဲတွင် ရမှတ်စုစုပေါင်း (၅၇၆)မှတ်ဖြင့် အဆင့်(၁၄)နေရာသာရရှိခဲ့၍ Final အဆင့်ထိပင် မတက်ရောက်နိုင်ခဲ့ဘဲ ပြိုင်ပွဲမှထွက်ခဲ့ရခြင်းဖြစ်သည်။

မြန်မာသေနတ်ပစ် ကစားသမား ရဲထွန်းနောင်

အဆိုပါပြိုင်ပွဲတွင် ဖိုင်နယ်အဆင့် တက်ရောက်သော ကစားသမား ရှစ်ဦး ဆက် လက်ယှဉ်ပြိုင်ရာ အီရန်နိုင်ငံသား ဂျာဗတ်က ရွှေတံဆိပ်ဆု၊ ဆားဘီးယား နိုင်ငံ သား မီကပ်ဒါမီက ငွေတံဆိပ်ဆု၊ တရုတ်နိုင်ငံသား ဝေပန်က ကြေးတံဆိပ်ဆုရရှိခဲ့သည်။

ဂျပန်နိုင်ငံ၌ ပြုလုပ်သော တိုကျိုအိုလံပစ်ပြိုင်ပွဲ၌ မြန်မာအသင်းက အားကစားနည်း ၃ မျိုး ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ဂျူဒိုအားကစားသမားမှာ နုတ်ထွက်သွား၍ သေနတ်ပစ်ကစားသမား ရဲထွန်းနောင်နှင့် ကြက်တောင်မယ် သက်ထားသူဇာတို့နှစ်ဦးသာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မြန်မာသေနတ်ပစ် ကစားသမား ရဲထွန်းနောင်

ယခုအခါ ကြက်တောင်မယ် သက်ထားသူဇာတစ်ဦးသာ ယှဉ်ပြိုင်ရန် ကျန်ရှိတော့ပြီး သက်ထားသူဇာမှာ ကမ္ဘာ့အဆင့် ၆၁ တွင် ရပ်တည်နေကာ မနက်ဖြန် (ဇူလိုင် ၂၅ ရက်) နံနက် ၇ နာရီခွဲ၌ ကမ္ဘာ့အဆင့် ၂၂ ရှိ အင်ဒိုနီးရှား ကြက် တောင်မယ် Gregoria Mariska နှင့် အုပ်စုအဆင့်အနေဖြင့် ယှဉ်ပြိုင်ကစားရန်ရှိနေသည်။

ယမန်နေ့က တိုကျိုအိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် မြန်မာအားကစားအဖွဲ့မှအားကစားသမားရဲထွန်းနောင်တစ်ဦးတည်းသာ အလံကိုင်၍ ကွင်းထဲဝင်ရောက်ခဲ့သည်။

အိုလံပစ်ဖွင့်ပွဲသမိုင်းမှာ ပြိုင်ပွဲဝင်တစ်ဦးတည်းပဲ အလံကိုင်ချီတက်အင်အားပြတာ ဒါပထမဆုံးဖြစ်မယ်လို့ ဂျပန်သတင်းတွေမှာဖေါ်ပြထားပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဟာ COVID-19 ကပ်ရောဂါကြောင့် လက်ရှိ ၂၀၂၁ ဇူလိုင်လမှာ ကျင်းပနိူင်တာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀၅ နိုင်ငံက အားကစားသမားပေါင်း ၁၁၃၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်နေတာ ဖြစ်ပါတယ်။