Local News

ရောင်းအားနည်းလို့ အောင်ဘာလေထီ ရပ်နားလိုက်ရပြီ

ထီရောင်းအားနည်းလို့ ဒီလကုန်ဖွင့်မယ့် (၂၉)ကြိမ်မြောက် အောင်ဘာလေထီကို ရပ်နားလိုက်ရတယ်လို့ ထီအသိုင်းအဝိုင်းဆီ ကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကတည်းက စကစ ဝင်ငွေမရအောင်ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေက ထီမထိုးပဲ သပိတ်မှောက်ကြတာပါ။

ထီထိုးသူလျော့ကျတာကြောင့် ထီဖွင့်ရက် ရွေ့ဆိုင်းခဲ့ရပြီး အမြင့်ဆုံးဆုကြေးငွေကို အရင်က သိန်းတစ်သောင်းခွဲ ကနေအခုသိန်းငါးထောင်သာ ပြင်ဆင်သတ်မှတ်ခဲ့တာပါ။

အောင်ဘာလေထီရောင်းရငွေရဲ့ ၄၀ရာခိုင်းနှုန်းကို နိုင်ငံ့ဘဏ္ဍာငွေအဖြစ် ပေးရပါတယ်။

၂၀၁၉ ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး ကျပ် ၁၀၀၀ တန်ထီလက်မှတ်တွေ စတင်ထုတ်ဝေကာ အမြင့်ဆုံးဆုကြေးငွေ သိန်း တစ်သောင်းခွဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁ရက် နေ့ကဖွင့်တဲ့ ၂၈ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်-၂ ဘီလျံဖိုးလောက်ပဲ ရောင်းရတယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က ရောင်းရတာနဲ့စာရင် ၉၄% လောက် ကျဆင်းသွားခဲ့တာပါ။

ဒီနှုန်းနဲ့ တွက်ရင် စစ်အာဏာမသိမ်းခင်က အစိုးရအတွက် အခွန်ငွေ တစ်နှစ် ၁၆၃ ဘီလျံလောက် ရတာကနေ အခု ၁၀ ဘီလျံ (မစို့မပို့လေးပဲ ) တောင် ပြည့်တော့မှာ မဟုတ်ဘူး။

ဒါတောင် အခု လက်ရှိ ရောင်းနေရတယ် ဆိုတဲ့ ထီဟာ လွန်ခဲ့တဲ့ လ အတော်ကြာကတည်းက ထီဆိုင် အကြီးစားကြီးတွေက ကြိုတင်မှာယူထားလို့ ရောင်းရတာ၊ နောက်ပိုင်း အဲဒီထက် အများကြီး လျော့နည်းလာလို့ အခုလို ပတ်သိမ်းလိုက်ရတဲ့အထိဖြစ်သွားတာပါ။

ကျပ် ၅၀၀ တန်ထီ၊ ၂၂ ကြိမ်မြောက်၊ (၁-၁-၂၀၁၉) ကျပ်ငွေ ၂၁ ဘီလျံဖိုး ရောင်းရ၊ အခွန်ငွေ ကျပ် ၈ဒသမ၄ ဘီလျံရခဲ့ပါတယ်။ အစိုးရကနေ ပျမ်းမျှ တစ်နှစ် ကျပ် ဘီလျံ -၁၀၀ အခွန်ရခဲ့ပါတယ်။

ကျပ် ၁၀၀၀ တန်ထီ၊ ၂၄ ကြိမ်မြောက်၊ (၁-၂-၂၀၂၁) ကျပ်ငွေ ၃၄ ဘီလျံဖိုး ရောင်းရ၊ အခွန်ငွေ ကျပ် ၁၃ဒသမ၆ ဘီလျံရခဲ့ပါတယ်။ အစိုးရကနေ ပျမ်းမျှ တစ်နှစ် ကျပ် ဘီလျံ -၁၆၃ အခွန်ရခဲ့ပါတယ်။ (NLD အစိုးရ)

Credit