Local News

ဝန်ကြီးချုပ်အဖြစ် မိမိကိုယ်ကို ခန့်အပ်လိုက်ရတဲ့ အကြောင်းအရင်း

နိုင်ငံတော်အာဏာကို လုယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကနေ့ ကြေညာလိုက်တဲ့ အိမ်စောင့်အစိုးရအဖွဲ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ထိုသို့ ပြောင်းလဲခဲ့သည့် အိမ်စောင့်အစိုးရတွင် ဒုကာချုပ် စိုးဝင်းကို ဒုတိယဝန်ကြီးချုပ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တာဝန်ပေးအပ်ခဲ့ပါတယ်။

တိုင်းပြည် အာဏာကို လာမယ့် ၂၀၂၃ ဩဂုတ်လအထိ ဆက်လက်သိမ်းယူထားဦးမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မနက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။

တိုင်းပြည် နိုင်ငံရေး တည်ငြိမ်လာတဲ့အခါ ရွေးကောက်ပွဲပြန်လည်ကျင်းပမှာ ဖြစ်ပြီး ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရန် ခြောက်လ အချိန်ယူမယ်လို့လည်း ၎င်းက ထည့်သွင်း ပြောကြားသွားပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်အပေါ် ပြည်သူအများစုနဲ့ နိုင်ငံတ ကာ အသိုင်းအဝိုင်းက ကန့်ကွက်နေကြတဲ့ အချိန်မှာပဲ ယ ခုလို အာဏာသိမ်းကာလ ထပ်မံတိုးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရလက်အောက် တာဝန်ထမ်းဆောင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ခန့်အပ်ကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုသို့ခန့်အပ်ရာတွင် ယခင်က ပြည်နယ်နှင့်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋတချို့ ဝန်ကြီးချုပ် ဖြစ်ခဲ့သော်လည်း တချို့သောဒေသများတွင် လူသစ်များ ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။

စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ယနေ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ ဆက်လက်ဖွဲ့စည်းရာတွင် ပြည်နယ်နှင့်တိုင်း ရဲတပ်ဖွဲ့မှူးအချို့အပါအဝင် ရဲအရာရှိကြီးများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများမှာ ဆောက်လုပ်ရေးဌာန၊ အိုးအိမ်ဌာန၊ လမ်းတံတားဌာနများကို ကြီးကြပ်ညွှန်ကြားရသော ဝန်ကြီးနေရာဖြစ်ပြီး အင်ဂျင်နီယာပညာမတတ်သောရဲအရာရှိကြီးများကို ထိုရာထူးခန့်အပ်ခြင်းမှာ အလွန်ရီစရာကောင်းကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုသည်။

ဒါ့အပြင် NLD အစိုးရ အုပ်ချုပ်ခဲ့သည့် ၅နှစ်ကာလအတွင်း ဗုဒ္ဓဘာသာဝင်များမှာစိတ်အား ညှိးငယ်ဖွယ်ရာများနှင့် ကြုံခဲ့ရ ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်အာဏာသိမ်းခြင်း ၆လပြည့်အတွက် မြဝတီရုပ်သံမှ စကားပြောဆိုရာတွင် ထည့်သွင်းပြောခဲ့သည်။

သူ၏ မိန့်ခွန်းတွင် “ကျနော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သည့်နိုင်ငံဖြစ်ပါတယ်၊ ပြီးခဲ့သည့် ၅နှစ်အတွင်း ဗုဒ္ဓဘာသာဝင်များအတွက် စိတ်အား ညှိးငယ်ဖွယ်ရာများနှင့် ကြုံခဲ့ရပါတယ်။ ကျနော်တို့ တာဝန်ယူပြီးချိန်က စပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ သက်ဝင်ယုံကြည်မှု မပျက်စေရန် ကျနော်အလေးထား ဆောင်ရွက်ခဲ့ပါတယ်” ဟု ပါရှိသည်။

“ကြောင်၊ ကြာကြာ ရေမငုပ်နိုင်ဘူး။”

မင်းအောင်လှိုင်ဟာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့တယ်။

ဒါပေမယ့် သူပြောတာက သူ စစ်အာဏာ မသိမ်းပါဘူးတဲ့။ ၂၀၀၈ ဖွဲ့စည်းပုံ အရ အရေးပေါ်ကာလ ပြဌာန်းခိုင်းပြီး ဖွဲ့စည်းပုံအရ တာဝန်ယူခဲ့ရတာပါတဲ့။

ဒီလိုနဲ့ စစ်ကောင်စီ ဖွဲ့ပြီး ကောင်စီ ဥက္ကဌ တက်လုပ်၊ တိုင်းပြည်ကို အားဓမ္မ အုပ်ချုပ်တော့တယ်။ ဒါပေမယ့် တိုင်းသူပြည်သားတွေက လက်မခံ၊ ဆန့်ကျင် တော်လှန်ကြတယ်။

အလားတူ ကမ္ဘာကြီးကလည်း ၂၁ ရာစုကြီးမှာ လက်နက်ကိုင်ထားရုံနဲ့ တိုင်းပြည်အာဏာကို လုယူ အုပ်ချုပ်တာကို လက်ခံလိုက်ရင် အစဉ်အလာကြီး ဖြစ်သွားမှာ စိုးရိမ်ကြတယ်၊ အဲဒီလို စစ်အာဏာရှင် လိုမျိုးကို အစိုးရအဖြစ် လက်မခံကြနဲ့ ဆိုပြီး ညီညီညာညာနဲ့ ဒီကနေ့ အချိန်ထိ ဘယ်တို်င်းပြည်ကမှ အစိုးရအဖွဲ့ တစ်ရပ် အဖြစ် လက်မခံဘူး။ ဆိုတော့ မင်းအောင်လှိုင် အခက်တွေ့နေတယ်။

အတင်းကြီး သမ္မတ တက်လုပ်ရအောင်က ဖွဲ့စည်းပုံနဲ့လည်း မညီ၊ မဖမ်းပဲ ချန်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကလည်း မသေသေးပဲ အရှင်လတ်လတ်ကြီး ရှိနေသေးတယ်။

ဒီတော့ အစိုးရအဖွဲ့ မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ ဆိုပြီး သူတို့အဖွဲ့ကို အိမ်စောင့် အစိုးရအဖွဲ့ ဆိုတာဖွဲ့၊ သူက ဝန်ကြီးချုပ် ရာထူးယူလိုက်တယ်။

အဲဒီမှာ သတိထားကြည့်လိုက်ရင် မင်းအောင်လှိုင်ဟာ တပ်ချုပ် တစ်ယောက် အနေနဲ့ အရေးပေါ်ကာလ ပြဌာန်းချက်ကို အကောင်အထည် ဖော်ဖို့ပဲ။

ပြီးရင် အစိုးရအဖွဲ့ ဆိုတာက ပြည်သူတွေက ရွေးကောက်တင်မြှောက်လိမ့်မယ်၊ သူနဲ့ မဆိုင်ဘူး။ ဒါပေမယ့် မင်းအောင်လှိုင်ကတော့ စပြီး အာဏာသိမ်းကတည်းက အစိုးရအဖွဲ့ အာဏာယူဖို့၊ တိုင်းပြည်ရဲ့ ရေထု၊ မြေထု၊ လေထု၊ သယံဇာတ အားလုံးကို ချုပ်ကိုင်ပြီး မိသားစု ကိုယ်ကျိုးစီးပွားရှာဖို့ ဆိုတဲ့ ရည်ရွယ်ချက်မို့ အခုလို အစိုးရရာထူး အတင်းရယူလိုက်တာပဲ။

ဒီမှာလည်း ထူးခြားတာ တွေ့နိုင်တယ်။ ဒီလို အရေးကြီးတဲ့ အမိန့်ထုတ်တာဟာ အရင်ကဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားလေ့ရှိတယ်။ အခု အမိန့်စာမှာ ကိုးကားထားတာ မတွေ့ရဘူး။ ဘယ်ကိုးကားနိုင်မလဲ၊

သူတို့ ပြောပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီမှ မညီပဲကိုး။ တကယ်တော့ စစ်ဗိုလ်ချုပ်က ဝန်ကြီးချုပ် ရာထူးယူပြီး အိမ်စောင့်အစိုးရဖွဲ့ အုပ်ချုပ်ခဲ့တာ ၁၉၅၈ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း လုပ်ခဲ့တယ်။

အဲဒါဟာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လုပ်ခဲ့ကြတာ။ အခုက ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်မရပေမယ့် ဇွတ်လုပ်တာ။ ပြောရရင်တော့ အစိုးရအာဏာကို ရတဲ့နည်းနဲ့ ယူချင်တဲ့ မင်းအောင်လှိုင်၊ နောင် သူ့ဖာသာသူ ရွေးကောက်ပွဲလုပ်၊ သူ့စိတ်ကြိုက် ကလဖန်ထိုးပြီး သူ့ဖာသာသူ သမ္မတ ရာထူး ယူရမယ့် အချိန်ကိုတောင် မစောင့်နိုင်ဘူး၊

ကိုဗစ်ကြောင့် ပြည်သူ အများအပြား ဗိုင်းရပ်စ် ကူးစက်ခံရ၊ သေနေကြတဲ့အချိန် ဆိုတာကိုလည်း မစောင့်နိုင်၊ ကြောင် ကြာကြာ ရေမငုပ်နိုင်ဘူး ဆိုတာ ဖော်ပြလိုက်တာပါပဲ။

စည်သူအောင်မြင့်။

Unicode

























