ကိုဗစ် တတိယလှိုင်းကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်ဟု အာဏာသိမ်း ခေါင်းဆောင် ဗြောင်လိမ်

ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်ခဲ့သည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစည်းအဝေးတွင် ပြောလိုက်သည်။

“ကိုဗစ်နဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ အတိုင်းအတာ တခုအထိတော့ ထိန်းထားနိုင်တာ တွေ့တယ်။

ပြီးခဲ့တဲ့ ဇူလိုင် လကနေ စပြီးတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး၊ ဒုတိယပတ် ပြီးတဲ့အချိန်ကနေစပြီးတော့ ထိန်းလိုက်တဲ့အခါမှာ ဒီ စကြေညာခါစမှာတော့ ဖြစ်နှုန်းတွေ တော်တော်လေးများပါတယ်။

သို့သော်လည်းပဲ တဖြည်းဖြည်း ကျလာတာ တောက်လျှောက်ကို ဆင်းလာတဲ့အတွက်ကြောင့် ၃၀ ရာခိုင်နှုန်း အထက်လောက်အထိပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

ဇွန်လကုန်ပိုင်းမှ စကာ ကိုဗစ်ဖြစ်ပွားသူ ၁,၀၀၀ အထက် သို့ နေ့စဉ် မြင့်တက်လာပြီး ဇူလိုင်လတွင် နေ့စဉ်ပိုးတွေ့ရှိသူ ၃,၀၀၀ နှင့် ၇,၀၀၀ ကြားထဲတွင် ရှိကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လ တတိယပတ်တွင် သေဆုံးမှု ၃၀၀ ကျော်အထိ မြင့်တက်လာမှုသည် ယမန်နေ့ ထုတ်ပြန်ချက်အထိ ၃၉၇ ဦး သေဆုံးနေခြင်း ဖြစ်သည်။

တကယ့် မြေပြင်အခြေအနေတွင်မူ ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းမှာ အဆိုပါ အချက်အလက်များထက် များစွာပိုနေပြီး သေဆုံးမှု အမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့တခုတည်းတွင် နေ့စဉ် သေဆုံးသူ ၁,၀၀၀ ကျော်တွင် ရှိနေကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များက ပြောဆိုသည်။

ကိုဗစ်ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် စသည့် ရည် ရွယ်ချက်များဖြင့် ကိုဗစ်ကာကွယ်ဆေးများကို စစ်ကောင်စီက ထိုးနှံလျက်ရှိပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု အများဆုံး ဖြစ်ပွားနေသည့် ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် အသက် ၆၅ နှစ်အထက်များကို ကိုဗစ် ကာကွယ် ဆေးထိုးရန် စစ်ကောင်စီက လိုက်လံ ဆော်သြလျက်ရှိကြောင်း ရန်ကုန်ဒေသခံများထံက သိရသည်။

ယခုနှစ်ကုန်တွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကာ ကွယ်ဆေးထိုးနှံပြီးရန် မျှော်မှန်းထားသည့်အတွက် ၁ လလျှင် လူဦးရေ ၅ သန်းကို ထိုးနိုင်ရန် မျှော်မှန်းထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ကာကွယ်ဆေးများ ဝယ်ယူရ ရှိနိုင်ရေးအတွက် နိုင်ငံတနိုင်ငံတည်း ဖြင့်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ကာ ကွယ်ဆေးရရှိနိုင်သည့် နိုင်ငံများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရန်လိုပြီး ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ထိုးပေးနေသော ကာကွယ်ဆေးများသည် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံ မှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၂ သန်းနှင့် ဝယ်ယူထားသည့် Sinovac ဆေး ၁ သန်း စုစုပေါင်း ကာကွယ်ဆေး ၃ သန်းကို စစ်ကောင်စီက သြဂုတ်လ ပထမအပတ်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် ထိုးနှံနေခြင်း ဖြစ်သည်။

ထိုသို့ ကာကွယ်ဆေးများ တင်သွင်း မှာယူခြင်းသာမက နိုင်ငံတွင်း၌လည်း ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက်လည်း လုပ်ဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

Credit