လူ့အဖိုးတန် ပညာရှင်၊ သားကောင်းတစ်ယောက် ဆုံးရှုံးရပြန်ပြီ

အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် ကိုဗစ်ရောဂါဖြင့် မန္တလေး အကျဉ်းထောင်တွင် ကွယ်လွန်သွားကြောင်း မိသားစုက တရားဝင် သတင်းထုတ်ပြန်သည်။

ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း

“သားကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်း အသက် ၄၅ နှစ်သည် ဒီနေ့ ၈.၈.၂၀၂၁ နံနက် ၆နာရီ ၃၈ မိနစ် မှာကိုဗစ် ပြင်းထန် ဝေဒနာများမှလွတ်မြောက်ပြီးကောင်းမွန်ရာ ဘုံဘဝတပါးသို့ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ” ဟု မိခင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

“ကိုဗစ်ကာလ အခြေအနေအရ မိတ်ဆွေများ အိမ်လာအားပေးခြင်းသာမက ပြင်ပပစ္စည်းများကိုပါ ပိုးသန့်လက်ခံ အခက်အခဲရှိပါသဖြင့်နားလည်ပေးကြစေလိုပါတယ်

ဖုန်းများကို လက်ခံပြန်ဖြေနိုင်ခြင်းမရှိနိုင်ပါက စာနာခွင့်လွှတ်ပေးကြပါရန်” ဟုပါရှိပါတယ်။

ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း

” ကမ္ဘာခြားပေမယ့် ကျွန်တော်အမြင်ကပ်သော စာသမားအများစု၏ ဟိုက်ပါဆန်ဆန် ကြောင်တိကြောင်တောင် တယူသန်အမူအကျင့်များ သူ့မှာ မရှိ။ မျက်နှာက ရိုးရှင်းသည်။ အကြည့်မှာ နိမ့်မြင့်ခွဲခြားဆက်ဆံလိုဟန်မရှိ။ လူကောင်ကြီးက အကြီးကြီး။ အဆောင်လာလို့ တွေ့ရတိုင်း ချွေးတစိုစိုနှင့်။

နောက်တော့ ကျောင်းပြီးသွားတော့ ထပ်မတွေ့တော့။ သူ့အမေ ဆရာမကြီးက ကျွန်တော့်စာတွေ ဖတ်ပုံရသည်။ ကွန်မန့် မကြာခဏ လာပေးသည်။ လူကြီးဆိုတော့ ပြောမှားဆိုမှား ဖြစ်မည်စိုး၍ ကျွန်တော် ခပ်ဝေးဝေးမှသာ သူ့အဖေ ကျွန်တော့်ဆရာကြီး အကြောင်းများကို ဖတ်သည်။ မှတ်ချက်မပေး။

တလောကတော့ သူ့ပုံမြင်ရသည်။ ချွေးတွေရွှဲလို့။ လက်ထိပ်တန်းလန်းနှင့်။ သူသည်တော်လှန်ရေး သူရဲကောင်းပါလား။ သူ့အနေအထားနှင့် အေးအေးသက်သာ နေလို့ရပါရဲ့ NUG မှာ ပါဝင်ကူညီနေခဲ့ပါလား။

ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း

ဒီနေ့ သူထောင်ထဲမှာ ကျဆုံးပြီတဲ့။ ကိုဗစ်နှင့်ဟု ကြားသည်။ ရင်ထဲတွင် နင့်နေအောင်နာရသည်။ သူငယ်ချင်းရေ

သူ့ပုံကို မြင်ယောင်ကြည့်တော့ လက်ရှိပုံ ပေါ်မလာ။ အသက်၂၀ကျော် နုပျိုသော ဆေးကျောင်းသားလေးပုံသာ ပေါ်လာသည်။ အဖေအမေကိုယ်စား တွေးကြည့်မိသည်။ လူ့အဖိုးတန်၊ ပညာရှင်။ သားကောင်းသားမွန်။ လူကို ခွေးတွေသတ်ရက်ကြသည်။” ဟု သက္ကမိုးညိုကလည်း ရင်ဖွင့်ထားပါသေးတယ်။

စစ်ကောင်စီ

အကြမ်းဖက် စစ်ကောင်စီက မန္တလေးဆေးရုံကြီးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းနှင့် ဒေါက်တာဆွေဇင်ဦးတို့ကို CRPH/NUG တွင် ပါဝင်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ ဖြင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။