International News

ကာကွယ်ဆေးထိုးပြီးမှ အလိမ်ခံလိုက်ရမှန်းသိခဲ့ရတဲ့ လွှတ်တော်အမတ်

Trinamool Congress ပါတီက ချောချောလှလှ လွှတ်တော်အမတ် မီမီချာခရာဘော်တီ Mimi Chakraborty တယောက် ကာကွယ်ဆေးထိုးပြီးမှ အလိမ်ခံလိုက်ရမှန်းသိခဲ့ပါတယ်။

Kolkata ကလွှတ်တော်အမတ် Mimi Chakraborty ဟာ Covishield ထိုးမယ့်ပွဲကိုအဖိတ်ကြားခံရလို့ သူပါဝင်ထိုးပြရင်း အခုလို Covishield အတုနဲ့မိခဲ့တာပါ။

သူမဟာ ကာကွယ်ဆေးထိုးပြီးနောက် သူမရဲ့ဖုန်းထဲကိုမက်ဆေ့မဝင်လာတဲ့အတွက် သံသယဖြစ်ရာကနေ Kolkata ရဲကိုစေလွှတ်စစ်ဆေးခိုင်းခဲ့ရာက သူမထိုးခဲ့တဲ့ကာကွယ်ဆေးဟာ Amikacin antibiotic ဆေးတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

အဲ့ဒီကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ်ကို သေချာစီစဉ်သူ Debanjan Deb ကလည်းခေသူမဟုတ်ပါ။

နောက်ထပ်ချောချောလှလှ မင်းသမီးလွှတ်တော်အမတ် Lovely Maita လည်း Deb ရဲ့ကာကွယ်ဆေးထိုးတဲ့ပွဲကို တက်ခဲ့တယ်လို့ဆိုပါတယ်။

မင်းသမီးလွှတ်တော်အမတ်အချောအလှတွေဟာ ကာကွယ်ဆေးထိုးပွဲကိုတက်ရင်း Deb အကြောင်းကိုအားရပါးရချီးကျူးသွားခဲ့ကြသေးတာပါ။

Deb ဟာ IAS အရာရှိဟန်ဆောင်ပြီး အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေ၊ မြူနီစီပယ်အရာရှိတွေနဲ့ တရုံးရုံးနေသူဖြစ်ပါတယ်။

ဒါကိုပြောရတာဟာ အိန္ဒိယမှာသူ့ကိုယ်သူ ဘာအရာရှိ၊ ညာအရာရှိ၊ ဘာအဆက်အသွယ်ရှိလို့ ဆေးရုံနောက်ပေါက်ကထုတ်တာပြောတိုင်း မယုံကြဖို့ပြောတာပါ။

အခု Deb ဝယ်လာတဲ့ Covishield အတုတွေဟာ Kolkata Municipal Corporation ကထိပ်တန်းအရာရှိဟန်ဆောင်ထားတဲ့ ဆေးရောင်းသူတစ်ယောက်ဆီကဝယ်ခဲ့တာပါတဲ့။

အိန္ဒိယနိုင်ငံ Kolkata မှာ မသန်စွမ်းတွေအပါအဝင် လူပေါင်း (၅၀၀) လောက် ကာကွယ်ဆေးအတုမိခဲ့ရုံသာမက Mumbai မှာ လူပေါင်း (၂၀၀၀) လောက်အတုမိခဲ့ပါတယ်။

အိန္ဒိယလိုကာကွယ်ဆေးထုတ်တဲ့ပင်ရင်းနေရာကြီးမှာ နာမည်ကြီး ပေါ်ပြူလာလွှတ်တော်အမတ်တွေကိုယ်တိုင် အလိမ်ခံရသေးရင် …

ဒါဆိုရင် ကာကွယ်ဆေးအတုနဲ့အစစ်နဲ့ဘယ်လိုခွဲမလဲ

ပြောရအရမ်းခက်ပါတယ်။ တရုတ်ဘက်ကရော၊ အိန္ဒိယဘက်ကရော အတုတွေက အလွယ်တကူရပါတယ်။

ပုလင်းတွေက လေဘယ်တွေကိုအသေအချာ တစ်လုံးချင်း စိစစ်ဖို့လိုပါတယ်။ အတုတွေက ရက်စွဲတွေမပါတာ၊ ရက်စွဲရိုက်တာ မူမမှန်တာ၊ စာလုံးပေါင်းတွေမှားတာ၊ အသေးစိတ်ဘေးချင်းယှဉ်ကြည့်ရင် စာလုံးဖောင့်ဆိုက်ကွာတာ၊ လေဘယ်နဲ့ အရောင်မသိမသာကွဲတာတွေ ရှိတတ်ပါတယ်။

ပုလင်း vial ချင်းချွတ်စွပ်တူနေရင်တော့ ခွဲရခက်ပါတယ်။

ကာကွယ်ဆေးအတုက saline solution သို့မဟုတ် အခြားအရည်တစ်ခုခုပါနိုင်ပါတယ်။ ခွဲဖို့ခက်ပါတယ်။

အဲ့ဒီတော့ အရင်ဆုံး အစိုးရအချင်းချင်း G to G အစီအစဉ်ဆိုရင် ထိုးပါ။

G to G မဟုတ်ခဲ့ဘူးဆိုရင် စိတ်ချရတဲ့ဆေးရုံကြီးတွေက စီစဉ်ပေးရင်ထိုးပါ။

အဲ့လိုမှမဟုတ်ရင် စိတ်ချရတဲ့အဖွဲ့အစည်းကြီးများကို သေချာမေးမြန်းစိစစ်ပြီးမှထိုးပါလို့ အကြံပြုပါရစေ။

အိန္ဒိယ ရဲ့ Covaxin, Covishield, ရုရှားရဲ့ Sputnik , တရုတ်ရဲ့ Sinovac, Sinopharm, CanSino တွေမှာ ဘယ်ဟာကအတုအစစ်လဲ?

ဘယ်လိုခွဲမလဲလို့ မမေးကြပါနဲ့၊ ပြောရအရမ်းခက်ပါတယ်။

စိတ်ညစ်လိုက်တာ ဘယ်သူ့ကိုယုံရမှန်းမသိဘူး၊ လမ်းပျောက်တယ်အကိုရေ့ ဆိုရင်အမှန်ပါပဲ ကျနော်လည်းမပြောတတ်တော့ပါ။

ဒီအသုံးမကျတဲ့ အတုတွေဘယ်သူ့ကြောင့်ဝင်လာရတာလဲလို့ မေးရင် ရှင်းရှင်းလေးပါ။

အစိုးရတောင်အတုရထားတဲ့ ပြည်သူတွေမှာ … အစစ်ကို ဘယ်လိုမျှော်လင့်လို့လွယ်မှာလဲ

ဒါတွေအားလုံးကို လုပ်ပေးဖို့တာဝန်ရှိတဲ့အကောင်ကိုယ်တိုင်က အတုအယောင်အကောင်ဖြစ်နေလေတော့

အစစအရာရာ စိတ်ချယုံကြည်ရတဲ့ဘဝကို ပြန်ရချင်သလား

“အတုအယောင်မှန်သမျှကိုဆန့်ကျင်တိုက်ဖျက်ပါ။”

Richard Myo Thant

Credit