မက်ဆီကို PSG ခေါ်ယူလို့မရအောင်တိုင်ကြားထားကာ လောင်စာ ဖြည့်ပေးလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာ နဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်အပြီးမှာတော့ လီယွန်နယ် မက်ဆီ ဟာ ပြင်သစ် ထိပ်သီး ကလပ် PSG ထံ ပြောင်းရွှေ့ တော့မယ်လို့ သတင်း အတော်များများက ဖော်ပြ လာခဲ့ပါတယ် ။ ပြင်သစ် ကလပ် က အီဖယ် မျှော်စင် ကို ငှားရမ်း ထားတာဟာ မက်ဆီ ကို ကြေညာဖို့ အတွက် ဖြစ်တယ်ဆိုတဲ့ ယူဆချက် ဟာလည်း လက်ခံ နိုင်လောက်တဲ့ အရာ ဖြစ်သလို မက်ဆီ ဟာ နေမာ ကမ်းလှမ်းတဲ့ နံပါတ် ၁၀ ကို ငြင်းပယ်ပြီး နံပါတ် ၁၉ ကို ဝတ်ဆင်မယ်ဆိုတဲ့ သတင်းဟာလည်း အလွန်ပြန့်နှံ့ နေပြီဖြစ်ပါတယ် ။

ဒါပေမယ့် ဒီအပြောင်း အရွှေ့ဟာ ကြားထဲမှာ အလှည့်အပြောင်းတွေ ဖြစ်လာဖို့ အလားအလာ ရှိနေဆဲ ပါပဲ ။ မက်ဆီ ကိုယ်တိုင်က သူ ဘာကိုမှ အတည်ပြု မဆုံးဖြတ်ရ သေးသလို ဘယ်အသင်းနဲ့ မှလည်း သဘောတူညီမှု မရယူ ထားသေးပါဘူးလို့ မနေ့က ပြုလုပ်တဲ့ ဘာစီလိုနာ နှုတ်ဆက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကလည်း မက်ဆီ တို့ သားအဖ ဟာ မနေ့က ညပိုင်းမှာ လေယာဉ် နဲ့ ပဲရစ်မြို့ကို သွားရောက်ခြင်း မရှိသေးဘဲ PSG က တရားဝင် ကမ်းလှမ်းလာမှု ကို စောင့်ဆိုင်း နေဆဲ ဖြစ်တယ်လို့ ဖော်ပြခဲ့ ပါတယ် ။ ဒီလို မသေချာ မရေရာမှုကို ပိုပြီး လောင်စာ ဖြည့်ပေးလိုက်တာကတော့ ဘာစီလိုနာ အသင်းပါပဲ ။

ဘာစီလိုနာ အသင်းရဲ့ ရှေ့နေ အဖွဲ့ဟာ ပြင်သစ် ကလပ် က မက်ဆီ ကို ခေါ်ယူပြီး မြင့်မားတဲ့ လုပ်ခ လစာ ပေးချေကာ ၃ နှစ် ( ၂ နှစ် + ၁ နှစ် ) စာချုပ် ချုပ်ဆိုမယ့် အစီအစဉ် ကို လုံး၀ လက်မခံ နိုင်ဘဲ ဒါဟာ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု မရှိနိုင်ဘူးလို့ သုံးသပ်ကာ ဥရောပ ခုံရုံးထံ စာရေးသား ပေးပို့ ခဲ့တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကာလ အတွင်း ဝင်ငွေ များစွာ လျော့ကျ ခဲ့ပြီး မြင့်မားတဲ့ လုပ်ခ လစာတွေကြောင့် လာလီဂါ ရဲ့ လုပ်ခလစာ စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက် မက်ဆီ ကို လက်မလွှတ် ချင်ဘဲ လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ် ။ မက်ဆီ ဟာ သူ့လုပ်ခရဲ့ ၅၀% အထိ လျော့ယူဖို့ သဘောတူခဲ့ပေမယ့် အဆိုပါ ပမာဏ အထိ လျော့ယူသည့်တိုင် လာလီဂါ ရဲ့ စည်းမျဉ်း နဲ့ ကိုက်ညီမှု မရှိသေးတာကြောင့် နောက်ဆုံးမှာ သူ ၂၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ နေရာကို နှုတ်ဆက် ခဲ့ရတာ ဖြစ်ပါတယ် ။

ဒီလို အခြေအနေ မှာ နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့လို လုပ်ခ လစာမြင့်တဲ့ ကစားသမားတွေ ရှိနေသလို ဒီနှစ် မှာလည်း ဟာခီမီ ၊ ရာမိုစ့် ၊ ဒွန်နာရမ်မာ တို့ကို ခေါ်ယူထားတဲ့ PSG ဟာ မက်ဆီ ကို ဘာစီလိုနာ မပေးနိုင်တဲ့ လုပ်ခ လစာမျိုးနဲ့ ခေါ်ယူ စာချုပ်ဖို့ ဆိုတာဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း နဲ့ ဘယ်လိုမှ ကိုက်ညီနိုင်ဖွယ် မရှိကြောင်း ဘာစီလိုနာ အသင်းရဲ့ ရှေ့နေတွေက ယူဆ သုံးသပ် ခဲ့တာပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ အသင်းက ငှားရမ်းထားတဲ့ ရှေ့နေ အဖွဲ့ ခေါင်းဆောင် ဟွမ်ဘရန်ကို ဟာ တွစ်တာ ပေါ်မှာ အဆိုပါ အကြောင်းအရာကို ရေးသား ခဲ့ပြီး PSG ရဲ့ လုပ်ခ နဲ့ ဝင်ငွေ မညီမျှမှု အချိုးအစားဟာ ဘာစီလိုနာ ထက်ပိုမို ဆိုးရွားနေပြီး ဒီလို အသင်းမျိုးက မက်ဆီ ကို ခေါ်ယူဖို့ ဆိုတာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိကြောင်း ရေးသားခဲ့ ပါတယ် ။

“ပြင်သစ် ကလပ် ရဲ့ FFP ( Financial Fair Play ) စည်းမျဉ်း နဲ့ ငြိစွန်းမှုဟာ ကျွန်တော်တို့ ( ဘာစီလိုနာ ) ထက် အများကြီး ဆိုးနေပါတယ် ။ ၂၀၁၉ – ၂၀၂၀ ရာသီ မှာ သူတို့ရဲ့ လစာ နဲ့ ဝင်ငွေ အချိုးအစားဟာ ၉၉% ပါ ၊ ဘာစီလိုနာ က ၅၄% ပဲ ရှိပါတယ် ။ အခုလို ကြပ်တည်းတဲ့ ကာလမှာ ဒီပမာဏက ပိုပြီး ကြီးမားလာမှာပါ”

“FFP စည်းမျဉ်းတွေဟာ ဥရောပက ကလပ် အားလုံးအပေါ် ညီတူညီမျှ သက်ရောက်နေရ ပါမယ် ။ ဒါကြောင့် မက်ဆီ ကို ခေါ်ယူမယ့် ကိစ္စကို တားဆီးဖို့ ကျွန်တော်တို့ တိုက်တွန်း ရတာပါပဲ” လို့ ဘရန်ကို က တရားရုံးထံ ပေးပို့ ထားတဲ့ စာ ကို ဖော်ပြရင်း ရေးသား ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR