Local News

ကုလတစ်နေရာအတွက် NUG နဲ့ စစ်ကောင်စီရဲ့ ထိုင်ခုံတိုက်ပွဲ

မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ NUG အစိုးရဟာ ကြီးမားတဲ့ တိုက်ပွဲနှစ်ခုကို ဖော်ဆောင်ရတော့မယ် ။ ပထမ ၁ ခုက ၊ စစ်သင်တန်းတက်နေဆဲနဲ့ သင်တန်းဆင်းလူငယ်တွေအတွက် D-Day ခေါ်ပေးရတော့မယ် ။

ဒုတိယ ၁ ခုက ရှေ့လ ၊ စက်တင်ဘာ ( ၁၄ ) ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ ( UNGA ) မှာ ထိုင်ခုံတစ်နေရာအတွက် တိုက်ပွဲဝင်ရလိမ့်မယ် ။

NUG နဲ့ စစ်ကောင်စီရဲ့ ကုလသမဂ္ဂမှာ ဘယ်သူရဲ့ကိုယ်စားလှယ်ကို အသိအမှတ်ပြုမလဲ ဆိုတဲ့ တိုက်ပွဲဟာ သိပ်ကို အရေးကြီးနေတယ် ။

စက်တင်ဘာလအတွင်း နယူးယောက်မှာကျင်းပမယ့် ဒီညီလာခံအတွက် နိုင်ငံတကာက ခေါင်းဆောင်တွေလည်း ကြိတ်ပြီး တိုင်ပင်နေကြတယ် ။

အခြေအနေဟာ အဆိုး ၊ အကောင်းတွေနဲ့ ရောထွေးနေတယ် ။ ဒီညီလာခံမှာ ကမ္ဘာတဝှန်းက သမတ္တ ၊ ဝန်ကြီးချုပ် ၊ ကိုယ်စားလှယ်နဲ့ အာဏာရှင်အချို့ တက်ရောက်ကြမယ် ။

ဒီညီလာခံကြီးက စစ်ကောင်စီကိုယ်စားပြုသူ ကုလကိုယ်စားလှယ်တစ်ယောက်ကို လက်ခံမလား …?

ပြည်သူကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီ ကိုယ်စားလှယ်ကို လက်ခံမလား ..?

ဆိုတာကို ကွဲကွဲပြားပြား ဆုံးဖြတ်ပေးရတော့မယ် ။

ပြည်သူတွေဘက်က အားသာချက်ကတော့ မြန်မာ့အရေးမှာ ကုလ ( UNGA ) ဟာ ရွေးကောက်ခံအစိုးရကို ဒီနေ့အထိ အသိအမှတ်ပြုထားတာပါဘဲ ။

UNGA ဟာ နိုဝင်ဘာ ၈ ရက် ၊ ၂၀၂၀ က ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရနဲ့ ပြည်သူတွေပေးတဲ့ မဲ ကို လေးစားပါလို့ စစ်ကောင်စီကို အသိပေးချက်တွေ အကြိမ်ကြိမ် သတိပေးခဲ့ပါတယ် ။

ကုလကိုယ်စားလှယ်တစ်ယောက်ကတော့ ” တကယ်လို့ NUG ကိုယ်စားလှယ်တစ်ဦးသာ စက်တင်ဘာလမှာ မြန်မာကိုယ်စားပြု အသိအမှတ်ပြုခံခဲ့ရမယ်ဆိုရင် ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတော်လှန်ရေးလုပ်နေတဲ့ ပြည်သူတွေအတွက် သမိုင်းဝင် စာရိတ္တအောင်ပွဲ ဖြစ်လိမ့်မယ် ” လို့ ပြောထားပါတယ် ။

သုံးသပ်ရရင် NUG ဟာ ကမ္ဘာ့သံတမန်အရေးမှာ သိပ်ကိုအားသာနေပါတယ် ။ တကယ်လို့သာ ကုလညီလာခံက NUG ကို အသိအမှတ်ပြုခဲ့မယ်ဆိုရင် စစ်ကောင်စီလက်နက်ကိုင်အချို့ စိတ်ဓာတ်ကျသွားနိုင်ပါတယ် ။

ထွက်ပြေးနိုင်ပါတယ် ။ ကိုယ်တိုင် အဆုံးစီရင်နိုင်ပါတယ် ။ နောက်တစ်ခုကတော့ မီးကုန်ယမ်းကုန်လည်း မိုက်လုံးကြီးနိုင်ပါတယ် ။

ဆိုရရင် …၊ NUG သွားနေတဲ့ လမ်းစဉ်ဟာ မှန်ကန်တယ်လို့ စာရေးသူက သုံးသပ်ချင်ပါတယ် ။

ဘာ့ကြောင့်လည်းဆိုရင်

-NUG ဟာ ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို ကုလမှာ လှုပ်ရှားခိုင်းထားတယ် ။

– ဒေါက်တာဆာဆာက အင်္ဂလန် ၊ ပြင်သစ် ၊ နော်ဝေး ၊ ဖင်လန် ၊ ဂျာမနီ ၊ ဆွစ် ၊ အီတလီ ၊ တူရကီတို့လို အင်အားကြီးနိုင်ငံတွေကို အပိုင်စည်းရုံးထားနိုင်သလို ၊ ဦးကျော်မိုးထွန်းကလည်း အမေရိကန်ရဲ့ ထောက်ခံမှု့တွေ အပြည့်အဝရထားတယ် ။

– PDF လူငယ်တွေကို စစ်သင်တန်းတက်ခိုင်းထားတယ် ။

– CDM နဲ့ ပြည်သူတွေအတွက် ရေရှည်ဦးဆောင်နိုင်မယ့် အစီအစဉ်တွေကို လှုပ်ရှားနေတယ် ။

ဒီတော့ စက်တင်ဘာ ညီလာခံဟာ D-Day အတွက် သိပ်ကို အရေးပါနေတယ် ။ ညီလာခံက ဘယ်လိုဆုံးဖြတ်သည်ဖြစ်စေ ၊ ဘယ်လိုလှုပ်ရှားရမယ်ဆိုတာကို NUG က အကောင်းဆုံး စီစဉ်ထားတယ်လို့ စာရေးသူက မြင်ပါတယ် ။

ဘကြီးအောင် LA