အမေရိကန် အစိုးရတောင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါမှ အွန်လိုင်းမှတဆင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ ကို ခိုင်မြဲအောင် ဆုပ်ကိုင်သွားနိုင်ရေး အတွက်သာ မရရသည့် နည်းဖြင့်လုပ်ဆောင်သွားရန် သံန္နိဌာန်ချထားသည်ဟု ပြောဆိုသွားခဲ့သည်။

မကြာမီက အိမ်စောင့် အစိုးရဟူ ၍ ဖွဲ့စည်းလာပြီး ၎င်းကို၎င်းလည်း ဝန်ကြီးချုပ် အဖြစ် ကြေညာခြင်း၊ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြစ်ခြင်းများ လုပ်လာသည်ကို ကြည့်က သိနိုင်သည်ဟုလည်း ဆိုသည်။

ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မကြာမီ အတွင်း ဖျက်သိမ်းပစ်နိုင်သည့် အရေးကို မိမိ ပူပန်နေမိကြောင်း၊ နိုင်ငံတကာမှ အရေးယူ ဆောင်ရွက်နိုင်စွမ်းမရှိသည့် အတွက် ၎င်း၏ အုပ်ချုပ်နေမှုကို တရားဝင်သဘောမျိုး သက်ရောက်ရန် ကြံစည်လာနေခြင်းသာ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ကိုဗစ် တတိယ လှိုင်း ပြင်းထန်စွာ ကူးစက်ခံ‌ နေရပြန်သဖြင့် မြန်မာပြည်ရှိ လူထု သည် အန္တရာယ် အမျိုးမျိုးကြားတွင် ခက်ခဲ ကျပ်တည်းစွာ နေထိုင်နေကြရသည်ဟု လည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

အာဏာသိမ်း အဖွဲ့ နှင့် ပြည်သူ့ကိုယ်စားပြု အဖွဲ့များအကြား အဓိပ္ပါယ် ရှိသည့် ရလဒ်များ ထွက်ပေါ်လာ အောင် ဆွေးနွေးနိုင်ခြင်း မရှိလျှင် ပြည်တွင်းစစ်ကြီး မလွှဲမသွေ ဖြစ်ပေါ်လာတော့မည်ဟုလည်း သတိပေး သွားခဲ့သည်။

မင်းအောင်လှိုင်သည် ၎င်းအားကိုးသည့် တရုတ်နှင့် ရုရှားမှလည်း ကုလတွင် ကန့်ကွက်မဲ ထိုင်ထည့်ပေးနေသည်ကလွဲ၍ အခြားအကူအညီများ ရရန် လမ်းမရှိ ဖြစ်လာနေသည်ကို တွေ့လာနေရသဖြင့် စိုးရိမ်ပူပန် လာပြီး တောင်စဉ်ရေမရ ပြောဆိုလာနေပြီ ဖြစ်သည်။

ထိုစကားများထဲတွင် ကိုဗစ် ကာကွယ်ဆေး အားဝယ်ယူရန် မတတ်နိုင်၍ ပြည်တွင်းမှာပင် မဖြစ်ဖြစ်အောင် ထုတ်မည် ဆို၍ ကာကွယ်ဆေး ထုတ်လုပ်ရန် ကုမ္ပဏီ များအား စုစုပေါင်း ရံပုံငွေ ဒေါ်လာ ၉ ဘီလီယံ ခန့် ထောက်ပံ့ပေးခဲ့ရသည့် အမေရိကန် အစိုးရ အဖို့ မျက်လုံးပြူး မျက်ဆံပြူး ပင် ဖြစ်သွားလောက်ပေသည်။

မြန်မာလို နိုင်ငံမျိုးလေးမှ ကိုဗစ် ကာကွယ်ဆေးအား သစ်ဉသစ်ဖု များ ဖြင့် ဖေါ်စပ်လို့ ရနိုင်ပါလျက် မိမိတို့ ပေးဆောင်ထားသော အခွန်ငွေများ ကို အဘယ်ကြောင့် ဗုံးဘောလအော သုံးစွဲပစ်ရသနည်းဟု အခွန်ထမ်း ပြည်သူများ မှ မေးခွန်းထုတ် ခံလာရနိုင်သည် မဟုတ်ပါလား။

မင်းအောင်လှိုင်ကိုပင် အမေရိကန် သမ္မတ အဖြစ် ခန့်အပ်ရန် စိတ်ကူးယဉ်လာကြ နိုင်ပေသည်။

မင်းအောင်လှိုင်က အပတ်စဉ် အစည်းအဝေးများလုပ်ကာ ထိုသို့ တောင်စဉ်ရေမရ လျှောက်ပြောနေချိန်တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒုက္ခသည် စခန်းပေါင်း ၃၄ ခု တွင် ခိုအောင်းနေထိုင်လျက် ရှိနေသော ရိုဟင်ဂျာ ဒုက္ခသည် ခုနှစ်သိန်းခန့်အား ပထမအကြိမ် အဖြစ် ကာကွယ်ဆေးများအား အင်္ဂါနေ့မှစ၍ ထိုးနှံပေးနေပြီ ဖြစ်သည်။

ပြီးခဲ့သည့်လ ကပင် အမေရိကန်၏ Moderna နှင့် တရုတ်၏ Sinopharm ဆေး ရည် ၄.၅ သန်းကို လက်ခံရရှိခဲ့ပြီးလည်း ဖြစ်သည်။

(၂)

ကမ္ဘာတဝှမ်းတွင် ကိုဗစ် ကပ်ရောဂါကြီးကြောင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို တလေးတစား ဆက်ဆံရကောင်းမှန်း သိလာကြသော်လည်း မြန်မာပြည်တွင် မူ စစ်ဆေးမေးမြန်းလျင်ပင် ဆရာဝန်ပါဟု ထုတ်မပြောရဲလောက်အောင် တိမ်းရှောင်နေရသည့် အဖြစ် ရောက်နေပြီး ခိုးကြောင်ခိုးဝှက် အိမ်များသို့ လိုက်လံ ကုသပေးနေရသည်ဟု ဝေါ်စထရိ ဂျာနယ် သတင်းစာကြီးတွင် ရေးသားလာသည်။

သမားတော်များ၏ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ကြီးက အာဏာသိမ်းပြီး ၆ လ အတွင်း ကျန်းမာရေး ဝန်ထမ်းများကို တိုက်ခိုက်ခဲ့မှုပေါင်း ၂၅၂ မှုကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

ဖမ်းဆီးခံရသူ ၁၉၀ ဦး၊ အသတ်ခံခဲ့ရသူ ၂၅ဦး၊ ဒဏ်ရာရရှိခဲ့သူ ၃၇ ဦး၊ ဆေးရုံများ ဝင်ရောက်စီးနင်းမှု ၈၆ ကြိမ်၊ ဆေးရုံများကို ဝင်ရောက်သိမ်းပိုက်မှု ပေါင်း ၅၅ ကြိမ်၊ ကိုဗစ် ကုသ ရေးအား နှောက်ယှက်ခဲ့သည့် ဖြစ်စဉ် ၁၇ ခု တို့ စာရင်းတွင် ပါဝင်လာခဲ့သည်။

(၃)

အာဏာသိမ်း ခေါင်းဆောင်၏ အပတ်စဉ် တောင်စဉ်ရေမရ ပြောဆိုနေမှုများထဲတွင် ဩဂုတ်လဆန်းမှစ၍ တိုက်ခိုက်မှုများ ရပ်စဲသွားပြီ ဖြစ်သည် ဆိုသော စကားလည်း ပါဝင်လာခဲ့သည်။

ထိုသို့ ပြောပြီး နာရီပိုင်းမျှ အကြာတွင်ပင် ရန်ကုန်ရှိ MRTV ရှိရာ မြန်မာ့အသံ အဆောက်အဦးသည် ကျည်ဆံမိုး ရွာသွန်းခြင်း ခံလိုက်ရသည်။ နောက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ဒလန် သုတ်သင်မှူများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ခေါင်းဆောင်ကြီး အရှက်တကွဲ ဖြစ်သွားရမှူ။အတွက် လက်အောက်ငယ်သားများက ရန်ကုန်တွင် ဒလကြမ်း ဖမ်းဆီးမှုများ ပြုလုပ်လာရာ စမ်းချောင်း ဟံသာဝတီ အဝိုင်းအနီးတွင် ပိတ်ဆိုစစ်ဆေးခဲ့၍ လူ အမြောက်အမြား ဖမ်းဆီးခံလိုက်ရသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

ရန်ကုန် မြို့လည် ၄၄ လမ်းထဲတွင် ရန်သူလက် မကျမခံဟူသော စိတ်ဓါတ်ဖြင့် တိုက်ပေါ်က ခုန်ချ သွားသူ လူငယ်လေး ငါးဦးအနက် နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးယောက်အား ဒဏ်ရာများ နှင့် ဖမ်းဆီးရမိသွားသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့၍ ကြားရသူ အပေါင်း ကြိမ်မီးအုံးသလို အပူမီး တောင်လောင်ခဲ့ကြရသည်။ အာဏာသိမ်း တပ်များက ရှက်ရမ်းရမ်းကာ fiend in the human shape သူရဲမရဲ စီးလာကြပြီ ဖြစ်သည်။

ထိုသို့ လုပ်လာလေလေ ၎င်းတို့အား အစိုးရတရပ် အဖြစ် အသိအမှတ် မပြူလေလေ ဖြစ်သဖြင့် လူငယ်လေးများ၏ အသက်သည် မည်သည့်အခါမျှ အချည်းနှီး ဖြစ်မသွားပဲ တော်လှန်ရေး အတွက် အသက်နှင့် ရင်းကာ အားသစ် လောင်းပေးသွားခဲ့ခြင်းဟုသာ မှတ်ယူရပေမည်။

ယမန်နေ့ နေ့လည် ရန်ကုန် မြို့လည် နေရာ အတော်များများ နှင့် ပုဇွန်တောင်မြို့နယ် ရေကျော်ရပ်ရှိ YMBA ရုံးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာနောင်း သတင်းများအရ သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကောက်ယူရရှိသော စာရင်းဇယားများအရ ဇူလိုင်လအတွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ နှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများ တွင် အာဏာသိမ်း တပ်သား ၇၄၀ သေဆုံးခဲ့ပြီး ၃၇၀ ဒဏ်ရာများ ရရှိသွားကြသည်ဟု သိရသည်။

ထိုကာလ အတွင်း အာဏာသိမ်းတပ်များ၏ လက်ချက်ဖြင့် အရပ်သား ၂၀၀နီးပါး သေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ကြသည်ဟု ဆိုသည်။

အဆင်ခြင်မဲ့စွာ အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကြောင့် တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းခဲ့မှုများ ပျောက်ကွယ်ကာ စီးပွားရေး၊ လူမှုရေး နှင့် ကျန်းမာရေး ကဏ္ဍများ တွင် ဗြောင်းဆန်အောင် ဖြစ်လာနေသည်ကို နိူင်ငံတကာ ရှု့မြင်နေပြီး ပြည်တွင်းရှိ ၎င်းလက်ဝေခံများ အား လိမ်သလို မျိုး လိမ်လို့မရ ဖြစ်လာနေသဖြင့် ၎င်းအား တိုင်းပြည်ကို မည်သို့နိုင်နင်းစွာ အုပ်ချုပ်ရ အစွမ်းမရှိသူ အဖြစ် နေ့စဉ်နှင့်အမျှ ရှု့မြင် သုံးသပ် ခံနေရမှူကို မခံချိ မခံသာ ဖြစ်နေရသည်။

(၄)

ကမ္ဘာတဝှမ်း ရှိ ဒုက္ခသည်များ ကူညီစောင့်ရှောက်ပေးနေသော အဖွဲ့အစည်းပေါင်း ကိုးဆယ်ကျော်ခန့်က ရိုဟင်ဂျာ များ အပေါ် မြန်မာစစ်တပ်၏ လုပ်ရပ်များအား လူသားများ အပေါ် ကျုးလွန်သော ရာဇဝတ်မှု နှင့် ဂျီနိုဆိုက် အဖြစ် သတ်မှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ကြပြန်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်

လောလောဆယ် ဘန်ကောက်သို့ ရောက်ရှိနေသော ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ ဂရင်းဖီးလ်သည် မြန်မာပြည်သူများ အတွက် ယခုလို သေရေးရှင်ရေးတမျှ အရေးတကြီး ဖြစ်လာနေချိန်တွင် လူသားချင်း စာနာထောက်ထားမှူ အကူအညီ ဒေါ် လာ သန်း ၅၀ ထောက်ပံ့သွားမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ အကူအညီများကို ပြည်တွင်းရှိ နိုင်ငံတကာ အဖွဲ့အစည်းများ ထံသို့ ပေးအပ်သွားမည်ဟု လည်း ပါရှိသည်။

ကယ်လီဖိုနီယား ရှိ B K Lee ဖေါင်‌ဒေးရှင်း နှင့် အခြားလူမှု အကျိုးဆောင် များက ဒေါ်လာ ၁.၁ သန်းအား match fund အဖြစ် ကိုဗစ် ကပ်ရောဂါ ခံနေရသော မြန်မာပြည်သူများ၏ အသက်ကယ်တင်ရန် Covid-19 SOS ကမ်းပိန်းကို စတင်လိုက်ပြီ ဖြစ်သည်၊

match fund ဆိုသည်မှာ အလှူငွေ ၁၀၀ ရပါက အဆိုပါ အကျိုးဆောင်များက ၎င်းတို့ အိပ်ကပ်ထဲမှ နောက်ထပ် ၁၀၀ လိုက် ဆောင်းပေးမည်ကို ဆိုလိုသည်။

ထိုသို့ ပြည်ပမှ လှုဒန်းနေကြချိန်တွင် ပြည်တွင်းရှိအထင်ကရ ဘဏ်တိုက်ကြီး တခု ဖြစ်သည့် ကမ္ဘောဇဘဏ်မှ ၎င်းတို့၏ K-pay app ဖြင့် လှုဒါန်းနေသည် အကောင့်များကို အာဏာသိမ်း အဖွဲ့ အလိုကျ ပိတ်ပစ်ခဲ့သည်ဟု စွပ်စွဲများ နှင့် အတူ သပိတ်မှောက်ရန် လှုံ့ဆော်မှူများ ထွက်ပေါ်လာနေသည်။

ဂျပန် ဘီယာ လုပ်ငန်းကြီး ဖြစ်သော Kirin မှ စစ်တပ်၏ ဦးပိုင် နှင့် ဖက်စပ်လုပ်ငန်းများမှ ၆ လအတွင်း ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်ခဲ့သည်ဟု စာရင်း ထုတ်ပြန်လိုက်သည်။

သို့သော် လုပ်ငန်းများကို ရုပ်သိမ်းသွားဖို့ မစဉ်းစားသေးပဲ စစ်တပ်ပိုင် ရှယ်ယာများကို ဝယ်ယူပြီး တဦးတည်း လုပ်ကိုင်သွားရန် ဆွေးနွေးနေသည်ဟု ဆိုသည်။

Kirin သည် မန္တလေးဘီယာ၊ ရန်ကုန် ဘီယာ လုပ်ငန်းများ၏ ရှယ်ယာ ၅၁% ကို ပိုင်ဆိုင်ထားသဖြင့် စစ်တပ် အဖို့လည်း ‌ဒေါ်လာ သန်း ရာနှင့် ချီ၍ အရှုံးပေါ်နေပြီ ဖြစ်သည်။

(၅)

ဦးကျော်မိုး ထွန်းက ယူအေအီး နိုင်ငံထုတ် The National သတင်းစာနှင့် သီးသန့် တွေ့ဆုံခန်းတွင် မိမိ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရ‌၍ နောက်တွန့်သွားမည် မဟုတ်၊ မိမိ၏ လက်ရှိ ရာထူး နှင့် တာဝန်သည် မြန်မာပြည်သူ တရပ်လုံး၏ အသံကို ကိုယ်စားပြု၍ ကမ္ဘာစင်မြင့်တွင် ထုတ်ဖေါ်ပြောဆိုနိုင်ခွင့် ပေးထား၍ လွန်စွာ အရေးပါနေကြောင်း။

လာမည့် သံအမတ်ကို ရွေးချယ်ခန့်အပ်မည့် ကိုယ်စားလှယ်တော်ကြီးများသည် မြန်မာပြည်သူတို့၏ အသံကို နားထောင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်ရှိ မိမိ၏ မိဘ ညီအကို မောင်နှမ များသည်လည်း ဘေးကင်းရာတွင် ရှိနေပြီဖြစ်ကြောင်း အစရှိသည်ဖြင့် ပြောဆိုသွားခဲ့သည်။

ဖေ့စ်ဘုတ် ‌တွင်လည်း ပြည်သူတရပ်လုံးက မိမိတို့ အစိုးရ NUG ကို ကိုယ်စားပြုသည့် ဦးကျော်မိုးထွန်းအား ခန့်အပ်ပေးရန် တောင်းဆိုသည့် စာတမ်းပါ ပရိုဖိုင်းများကို ပြောင်းလဲပြီး ညီညွတ်စွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီ ဖြစ်သည်။

ပြည်သူ့အားဖြင့် အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

Credit -YP Page