အဖမ်းမခံပဲ သူရဲကောင်းဆန်ဆန်အသေခံသွားတဲ့ ကလေးတွေအတွက် ပန်ဆယ်လို ရေးတဲ့ ရင့်နင့်ဖွယ်ကဗျာလေး

ပန်ဆယ်လိုကတော့ ယနေ့ စစ်ကောင်စီလိုက်ဖမ်းလို့ ပြေးရင်း တိုက်ပေါ်ကနေ အဖမ်းမခံပဲ

သူရဲကောင်းဆန်ဆန် အသေခံသွားတဲ့ ကလေးတွေနဲ့ ပတ်သတ်ပြီး အခုလို ရင်နာနာနဲ့ ကဗျာစာတစောင်ရေးသားခဲ့ပါတယ်

“အလွတ်ကြီး ခုန်ချသွားတာ..။ အလွတ်ကြီး ခုန်ချသွားတာတဲ့။

အလွတ်ကြီး ခုန်ချသွားတယ်လူ… မဆန်တဲ့ နိုင်ငံတော်ဆီက လွတ်မြောက်ရာကို

အလွတ်ကြီး ခုန်ချသွားတယ်… ရန်သူခြေဖဝါးအောက် ဒူးထောက်ရမယ့် ရွံရှာစရာဆီက အလွတ်ကြီး ခုန်ချသွားတယ်…

ကိုယ့်မထိရင် မနာတတ်တဲ့ အတ္တသမားတွေရဲ့ ဝေးရာဆီကို …အလွတ်ကြီး ခုန်ချသွားတယ်

တော်လှန်ရာ …..ယုံကြည်ရာကို ဆုပ်ကိုင်ပြီး

သူတို့ ……အလွတ်ကြီး ခုန်ချသွားကြတယ်။

ကြယ်တွေ ကြွေတာ ….ကောင်းကင်မှာပဲ မြင်ရမယ် ယုံကြည်ခဲ့တာ။

နောက်ဖေးလမ်းကြားထဲ …ကြွေကျသွားတဲ့ ကြယ်တွေ။

သန့်စင်တဲ့ ….ကောင်းကင်မှာ… ပျော်ပါတော့

ဆိုးယုတ်တဲ့ နိုင်ငံတော်ဆီက …အလွတ်ကြီး

ပျံသန်းပါတော့…… ကြယ်လေးတွေ…”လို့

ရင်နာစွာနဲ့ရေးသားခဲ့ပါတယ်။