Sports

ဒီယာလိုကို တစ်ရာသီ အငှားဖြင့် အသင်းပြောင်းခွင့်ပြုရန် မန်ယူဆုံးဖြတ်

မန်ယူအသင်းက ပေါင် ၃၇ သန်းဖြင့် ခေါ်ယူထားသော တောင်ပံကစားသမား အာမက်ဒီယာလိုကို ယခုနှစ်တွင် အငှားချထားရန် ဆုံးဖြတ်လိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီတွင် မန်ယူသို့ ရောက်ရှိခဲ့သော အသက် ၁၉ နှစ်အရွယ်ရှိ ဒီယာလိုသည် အသင်းအတွက် ၈ ကြိမ် ပါဝင်ကစားခွင့် ရရှိထားသည်။


မန်ယူသည် ယခုနှစ်နွေရာသီတွင် ဒေါ့မွန်မှ တောင်ပံကစားသမား ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းဖြင့် ခေါ်ယူခဲ့သည်။ မန်ယူက ဒီယာလိုကို ပုံမှန်ပွဲကစားခွင့် ရရှိစေရေးအတွက် အငှားချထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မန်ချက်စတာ ညနေခင်းသတင်းစာက ဖော်ပြခဲ့သည်။


မန်ယူတွင် ဆန်ချို အပါအဝင် တိုက်စစ်ကစားသမားကောင်း အများအပြားရှိနေသည်ဟု မီဒီယာများက ဆိုသည်။

မာတီရယ်၊ ဂရင်းဝုဒ်နှင့် ဂျိမ်းစ်တို့သည် အဲဗာတန်ကို ၄-၀ ဖြင့် အနိုင်ရရှိသော ခြေစမ်းပွဲတွင် မန်ယူအတွက် ပါဝင်ကစားခဲ့ပြီး ၎င်းတို့သည် ဒီယာလိုထက်ပို၍ ဦးစားပေးရွေးချယ်ခံရသည့် ကစားသမားများဖြစ်သည်။


မန်ယူတွင် လင်ဂတ်နှင့် ကာဗာနီတို့ ရှိသလို ရက်ရှ်ဖို့သည်လည်း ပုခုံးခွဲစိတ်ကုသမှု ခံယူရာမှ အောက်တိုဘာလတွင် ပြန်ကစားနိုင်မည်ဖြစ်သည်။ မန်ယူက အခြား ညာတောင်ပံ တိုက်စစ်ကစားသမားဖြစ်သူ ပယ်လီစထရီကို တစ်ရာသီ အငှားစာချုပ်ဖြင့် အလာဗက်စ်သို့ ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ဒီယာလိုကိုလည်း အလားတူ သဘောတူညီချက်မျိုးဖြင့် အငှားချထားရန် မန်ယူက ဆုံးဖြတ်ထားခြင်းဖြစ်သည်။


ဒီယာလိုသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် မန်ယူ ယူ-၂၃ အသင်းတွင်လည်း ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့သည်။ မန်ယူက ဆိုစီဒက်ကို ၄-၀ ဖြင့် အနိုင်ရရှိသည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဒီယာလိုသည် အသင်းအတွက် ပထမဆုံး ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။

Credit -inarrjoural