Sports

ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာတဲ့ ရာဖေး ဗာရန်း ဟာ လိဒ် ယူနိုက်တက် နဲ့ ကစားမယ့် ရာသီ အဖွင့် ပွဲစဉ် ကို ပါဝင် ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ နည်းပြ ဆိုးရှား က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ အသိပေး သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဂျေဒန် ဆန်ချို ကတော့ ယူနိုက်တက် နဲ့ အတူ ပါဝင် လာမယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ ကတော့ အင်္ဂလန် ကို ပြန်ရောက် နေပြီး ကျူဝင်နေရတာကြောင့် လိဒ် နဲ့ ပွဲကို လွဲချော်မယ်လို့လည်း ဆိုးရှားက ပြောဆို သွားခဲ့ ပါတယ် ။

ကွင်းလယ်လူ ပေါ့ဘာ နဲ့ ပတ်သက်လို့လည်း ‘ပေါလ် က မန်ယူနိုက်တက် ကစားသမားပါ ၊ စာချုပ် ၁ နှစ် ကျန်သေးသလို ဆွေးနွေးမှုတွေ ကလည်း အပေါင်းလက္ခဏာဆောင်နေပါတယ်’ လို့ ဆိုးရှားက ဖြေကြား သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုးထရက်ဖိုဒ့် ကွင်းဟာ လိဒ် နဲ့ ပွဲမှာ ပရိသတ် ၇ သောင်းခွဲ ကို ဝင်ရောက် ကြည့်ရှု နိုင်အောင် စီစဉ် ထားပြီလို့လည်း ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး နူနို ဆန်းတိုစ့် က တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်း နေပြီး သူ နဲ့ လည်း စကားပြောဆို ခဲ့ပြီးပါပြီ လို့ ပြောဆို သွားခဲ့ ပါတယ် ။ ကိန်း ရဲ့ အနာဂါတ် နဲ့ ပတ်သက်တဲ့ မေးခွန်း ကိုတော့ “သူက တော့တင်ဟမ် ကစားသမားပါ ၊ အခု မနက်ဖြန် ပွဲအတွက်ပဲ စဉ်းစား ပါတယ်” လို့ နည်းပြကြီးက ဖြေကြားသွားခဲ့ ပါတယ် ။

မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ကလည်း ကိန်း ဟာ စပါး ကစားသမား ဖြစ်ပြီး အခြား အသင်းက ကစားသမား အကြောင်းကို ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွေမှာ ဖြေကြားမှာ မဟုတ်ဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

လူကာကူ ဟာလည်း ပဲလေ့စ် နဲ့ ကစားမယ့် ရာသီသစ် အဖွင့်ပွဲစဉ် ကို ပါဝင် နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရှိရ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ အဓိက ရှေ့တန်း လူတွေ ဖြစ်တဲ့ အော်ဘားမီးယန်း နဲ့ လာကာဇက် တို့ဟာ မကြာခင် ကစားရတော့မယ့် ဘရန့်ဖိုဒ့် နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ကို လွဲချော်မယ်လို့ သိရ ပါတယ် ။ လာကာဇက် ရဲ့ အေးဂျင့် ကတော့ ရိုးမား က သူ့ကစားသမားကို ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းကို ငြင်းဆန် သွားခဲ့ ပါတယ် ။

ရီးရဲ ကွင်းလယ်လူ မာတင် အိုဒီဂတ် ဟာ မနှစ်က ရာသီဝက် အငှား ထွက် ကစား ခဲ့တဲ့ အာဆင်နယ် အသင်းကို ဒီရာသီမှာ ထပ်မံ အငှားထွက် ကစားဖို့ ရှိနေတယ်လို့ လည်း သိရ ပါတယ် ။

အေစီမီလန် ကွင်းလယ်လူ ဖရန့် ကတ်ဆီ ဟာ ယမန်နေ့က လေ့ကျင့်ရေးကွင်းမှာ ကြွက်သား ဒဏ်ရာ ရရှိ နေပြီး ရက်သတ္တပတ် အနည်းငယ် အနားယူရ မယ်လို့ ကြားသိရ ပါတယ် ။ ကတ်ဆီ ဟာ ဒီနှစ်နွေမှာ အနားမရခဲ့ဘဲ အိုင်ဗရီကိုစ့် အသင်းနဲ့ အိုလံပစ် ပြိုင်ပွဲကိုလည်း ဝင်ရောက် ကစားခဲ့သူ ဖြစ်ပါတယ် ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ ပြီးခဲ့တဲ့ ရာသီက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရဲ့ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုတွေ အတွက် စကာတင် စာရင်းတွေကို ထုတ်ပြန် သွားခဲ့ ပါတယ် ။ ဒီလိုထုတ်ပြန် ရာမှာတော့ –

ဂိုး – ကော့တွိုက် ( ရီးရဲမက်ဒရစ် ) ၊ မန်ဒီ ( ချဲလ်ဆီး ) ၊ အီဒါဆင် ( မန်စီးတီး )

နောက်တန်း – အက်ဇ်ပီလီကီတာ ( ချဲလ်ဆီး ) ၊ ရူဘင် ဒီယာ့စ် ( မန်စီးတီး ) ၊ ရူဒီဂါ ( ချဲလ်ဆီး )

အလယ်တန်း – ကီဗင် ဒီဘရိုင်းနား ( မန်စီးတီး ) ၊ ကန်တီ ( ချဲလ်ဆီး ) ၊ ဂျော်ဂျင်ဟို ( ချဲလ်ဆီး )

ရှေ့တန်း – ဟာလန်း ( ဒေါ့မွန် ) ၊ လီဝန်ဒေါ့စကီး ( ဘိုင်ယန် ) ၊ အမ်ဘာပေ ( PSG ) တို့ ပါဝင်လာခဲ့ ကြပါတယ် ။

ဒါ့အပြင် UEFA ဟာ ယူရိုပါလိဂ် ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရဲ့ စကာတင် ၃ ဦး ကိုလည်း ထုတ်ပြန် ခဲ့ပြီး အီဒီဆင် ကာဗာနီ ( မန်ယူနိုက်တက် ) ၊ ဘရူနို ဖာနန်ဒက်စ် ( မန်ယူနိုက်တက် ) နဲ့ ဂျရတ် မိုရီနို ( ဗီလာရီးရဲ ) တို့ ပါဝင် လာခဲ့ကြတယ် လို့ သတင်းရရှိ ပါတယ် ခင်ဗျာ . . . ။

Credit – SM