Sports

အဖွင့်ပွဲအပြီးမှာပဲ တန်းတက် အသင်းကိုရှုံးပြီး တန်းဆင်းဇုန်ကို ရောက်သွားတဲ့ အာဆင်နယ် (ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ်အသင်းကတော့ ၂၀၂၁-၂၂ ရာသီပရီးမီးယားလိဂ်အဖွင့်ပွဲမှာပဲ တန်းတက်ဘရန့်ဖို့ဒ်ကို (၂)ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး သူတို့ဟာ ဒီရာသီချန်ပီယံပြေးလမ်းကြောင်းနဲ့အဝေးဆုံးမှာရှိနေတဲ့အပြင် ဥရောပပြိုင်ပွဲဝင်ခွင့်လမ်းကြောင်းနဲ့လည်း မသက်ဆိုင်ပါဘူးလို့ ပြိုင်ဘက်တွေကို အသိပေးလိုက်ပါပြီ။

တစ်ချိန်က ရာသီသစ်မစခင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်း၊ နောက်တော့ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းအဆင့်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ယှဉ်ပြိုင်ရတဲ့အဆင့်အထိကျဆင်းသွားသလို အခုအချိန်မှာ ပရီးမီးယားလိဂ်ဖျက်မြင်းအဆင့်သာရှိတော့တဲ့အထိ ဆိုးရွားသွားတဲ့ အာဆင်နယ်အသင်းကို မြင်ရတာ တကယ်ဝမ်းနည်းဖို့လည်းကောင်းပါတယ်။

ဒါပေမဲ့လည်း အသင်းရဲ့လက်ရှိကစားသမားစုဖွဲ့မှုအရ ဒီလိုမျိုးအခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတာက သိပ်တော့လည်းမဆန်းပါဘူး။

ကမ္ဘာ့အဆင့်ကစားသမားမရှိ၊ အသင်းကို ဦးဆောင်မယ့်သူမရှိ၊ လူငယ်တွေကလည်း အတွေ့အကြုံနည်း၊ ရှိတဲ့ ၀ါရင့်ကစားသမားတွေထဲက အူဘာမီယန်းက အရင်လိုခြေစွမ်းမျိုးမရှိ၊ လာကာဇက်က အားကိုးလို့မရဆိုတော့ ဒီအသင်း အခုလိုဖြစ်နေတာက ဖြစ်သင့်တယ်လို့ပဲပြောရမယ်။

အခုပွဲမှာ အာဆင်နယ်အသင်းပုံစံက ရာသီသစ်အတွက် စိတ်ဓာတ်အပြည့်နဲ့ကစားတာမျိုးမဟုတ်ဘဲ ၂၀၂၀-၂၁ ရာသီမကုန်သေးဘူးလို့ထင်နေတဲ့အတိုင်း မနှစ်ကပုံစံဆိုးကို ရာသီသစ်အထိဆက်သယ်လာတုန်းပါပဲ။

(၇၄)နှစ်အကြာမှ အဆင့်မြင့်တန်းကို ပြန်ရောက်တဲ့၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တန်းတက်ခွင့်ရခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ မာကျောမှုကို စတင်မြင်တွေ့ခဲ့ရပြီး

အခုပွဲမှာ ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ပွဲဦးထွက်ကစားခွင့်ရခဲ့တဲ့ ကစားသမား(၁၂)ဦးအထိပါဝင်ခဲ့ပေမယ့် အာဆင်နယ်ကို ရှိန်မနေဘဲ သူတင်ကိုယ်တင်ကစားခဲ့တယ်။

ကွွင်းထဲမှာ ပရိသတ်တွေပြန်ကြည့်ခွင့်ရှိနေတာကြောင့်လည်း ပရိသတ်တွေရဲ့အားက ဘရန့်ဖို့ဒ်အတွက် (၁၂)ယောက်မြောက်ကစားသမားဖြစ်စေပြီး တစ်ဦးချင်းအရည်အသွေး အကောင်းကြီးမဟုတ်တာတောင် အသင်းလိုက်စုစည်းညီညွတ်မှုအပြည့်နဲ့ကစားနိုင်ခဲ့တယ်။

အခုနိုင်ပွဲက ကံကောင်းလို့အနိုင်ရခဲ့တာမျိုးမဟုတ်ဘဲ ဘရန့်ဖို့ဒ်အတွက် ထိုက်ထိုက်တန်တန်နဲ့ကို (၃)မှတ်စရခဲ့တာလို့ပြောရမယ်။

ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်အသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးတိုနီဟာ အခုပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အာဆင်နယ်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး သူနဲ့တွဲကစားတဲ့ အမ်ဘွယ်မိုကလည်း ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။

ပထမပိုင်း(၂၂)မိနစ်မှာ ဘရန့်ဖို့ဒ်အသင်း အဖွင့်ဂိုးရခဲ့ပြီး တောင်ပံကစားသမား ဆာဂျီကာနို့စ်က ဂိုးဧရိယာထိပ်နားကနေ ကန်သွင်းယူခဲ့တာကြောင့် ဆာဂျီကာနို့စ်ဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာတော့ ပေါင်သန်း(၅၀)တန်နောက်ခံလူ ဘန်ဝှိုက်ပါဝင်ကစားခဲ့ပေမယ့် သာမန်လောက်ပဲကစားနိုင်ခဲ့သလို တီယာနေး၊ စမစ်ရိုးတို့လောက်ပဲ သာမန်ထက်နည်းနည်းပိုတဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့့ပြီး ကျန်တဲ့သူတွေကတော့ ပြီးခဲ့တဲ့နှစ်ကနဲ့ သိပ်မကွာပါဘူး။

ဘရန့်ဖို့ဒ်အသင်းကတောင် အပိုင်အခွင့်အရေးတွေရခဲ့ပြီး လေနိုကာကွယ်နိုင်လို့သာ ပိုးစိုးပက်စက်မဖြစ်ခဲ့ရတာပါ။

အာဆင်နယ်အသင်း ဂိုးသွင်းခွင့်တချို့ရခဲ့ပေမယ့် ကစားသမားတွေအသုံးမချနိုင်တာ၊ ဘရန့်ဖို့ဒ်ဒေးဗစ်ရာယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့တာတွေကြောင့် ချေပဂိုးတောင်ပြန်မရခဲ့ပါဘူး။

ဘရန့်ဖို့ဒ်အသင်းအတွက် ဒုတိယဂိုးကိုတော့ (၇၃)မိနစ်မှာ နောဂတ်ဒ်က ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ရာသီအဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ်နာမည်ကျော်အာဆင်နယ်ကို (၂)ဂိုးပြတ်အနိုင်ယူပြီးတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ၁၉၄၆၊ စက်တင်ဘာ(၁)ရက်နောက်ပိုင်း (၇၄)နှစ်၊ (၃၄၆)ရက်အကြာမှ အဆင့်မြင့်တန်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ပထမဆုံးအကြိမ်ပြန်လည်ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး

အာဆင်နယ်အသင်းကတော့ ၂၀၁၅၊ သြဂုတ်လ(၉)ရက်နောက်ပိုင်း (၆)နှစ်ကျော်အတွင်း အမှတ်ပေးဇယားအောက်ဆုံးနေရာကို ပထမဆုံးအကြိမ်ရောက်ရှိသွားခဲ့ပါတယ်။

ခရက် ဒစ်