Local News

စစ်တပ်ရဲ့ အသုံးချခံပွန်းများ သို့မဟုတ် သံဃာ့အသိုင်းအ၀ိုင်း

စစ်တပ်ရဲ့ အသုံးချခံပွန်းများ သို့မဟုတ် သံဃာ့အသိုင်းအ၀ိုင်း (Commentary)

#MoreMrontVlog

ဘုန်းကြီးတွေကို ဘာကြောင့် စစ်တပ်က အမြဲကပ်နေပါသလဲ။ ဒီမေးခွန်းက အကဲဆတ်သလို၊ အတော်လည်း အဆဲခံရနိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့လည်း ရေးဖို့ဖန်လာပါတယ်။ အကြောင်းကတော့ မန္တလေးက သံဃာတွေကို စစ်ကောင်စီက ချဉ်းကပ်တာနဲ့ဆက်စပ်ပါတယ်။ မန္တလေးမြို့နယ်တွေမှာ နယ်ကူးဂိတ်တွေချပြီးတော့ စစ်ဆေးရေးလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့သိရပါတယ်။

ရိုးရိုး ပူးပေါင်းစစ်ဆေးရေးဂိတ်မဟုတ်ပါ။ သံဃာတွေကိုပါ အဲဒီဂိတ်တွေမှာ လိုက်ထိုင်ရမှာဖြစ်ပြီး၊ စစ်ဆေးရာမှာပါဝင်ရမယ့်သဘောပါ။ ဘုန်းကြီး စုံထောက်ဖြစ်လာတဲ့ သဘောပြောရမှာပေါ့။ မန္တလေးက သံဃာတစ်ပါးကတော့ စစ်ကောင်စီဘက်က ဂိတ်တစ်ခုမှာ အပါးသုံးဆယ်ချထားပေးဖို့
တောင်းတယ်လို့ သူကရေးထားပါတယ်။ နောက်တော့ တစ်ဂိတ်ကို သုံးပါးနဲ့ညှိလို့ရတယ်လို့ဆိုပါတယ်။ နယ်ကူးမယ့် သံဃာတွေပါ နယ်ကူးလက်မှတ်ရှိရမယ်လို့လည်းဆိုလာပါတယ်။

မန္တလေးတို့ စစ်ကိုင်းတို့ဆိုတာ ဘုန်းကြီးတွေအများအပြားရှိတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၈၈ တုန်းက၊ ၂၀၀၇ တုန်းကလို ဘုန်းကြီးတွေပါဝင်မှုက ဒီတစ်ခေါက် ၂၀၂၁ အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲတွေမှာတွေ့ရနည်းပါတယ်။ နိုင်ငံအနှံ့ ဘုန်းကြီးကျောင်းတွေ သိန်းချီရှိပေမယ့် သင်္ဃာထု ဆန္ဒပြတဲ့နေရာတွေက အင်မတန်နည်းပါတယ်။

ဥပမာအားဖြင့် သီတဂူဆရာတော်တို့၊ အင်းစိန်တောရတို့၊ မန္တလေးက ဝီရသူလို ဘုန်းကြီးတွေကြီးစိုးမှုတွေကလည်း သက်ရောက်မှုရှိပါတယ်။ တခါ မဟန လိုအဖွဲ့အစည်းက စစ်တပ်အကြိုက်လိုက်ဆောင်ပေးတဲ့ ရာဇဝင်လည်းရှိတာမို့ သံဃာထုပါဝင်မှုနည်းရတဲ့အကြောင်းရင်းတွေလို့ဆိုနိုင်ပါတယ်။ မန္တလေးမှာတော့ အာဏာသိမ်းချိန်ကနေ အခုချိန်ထိ သံဃာထုဆန္ဒပြမှု ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။

ဘာမဆိုလုပ်တဲ့ စစ်တပ်

အာဏာသိမ်းတဲ့အချိန် နှစ်တစ်ဝက်ကျော်လာတဲ့အချိန်ထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးတဲ့ စစ်ကောင်စီဟာ တိုင်းပြည်ကို ပြည့်ပြည့်၀၀ မလည်ပတ်နိုင်သေးပါဘူး။ ဘဏ်စနစ်တွေကိုလည်း မထိန်းနိုင်၊ စီးပွားရေးကလည်းကျ၊ ပညာရေးလည်းထိုးဆင်း၊ ကျန်းမာရေးစနစ်ကလဲ ပြိုလဲ၊ သေနတ်ကိုင်တိုက်ခိုက်မှုတွေလည်း ရင်ဆိုင်နေရချိန်မှာ အာဏာစက်ထိန်းဖို့အတွက် ဘုန်းကြီးတွေကို စပြီးတော့ ထင်ထင်ရှားရှင်းစသုံးလာပါပြီ။

တကယ်တော့ အာဏာမသိမ်းခင်ကတည်းက တပ်ချုပ် မင်းအောင်လှိုင်နဲ့နောက်လိုက် စစ်ဗိုလ်ချုပ်တွေဟာ အင်းစိန်တောရတို့၊ သီတဂူတို့ကို ဆရာတစ်ဆူလိုမျိုး မြှောက်ပေးထားပြီးသားပါ။ ဘာလို့ဆို သူတို့ကလည်း သံဃာအသိုင်းအ၀ိုင်းမှာဆို ခေတ်စကားအရ အကောင်ပါပဲ (ပါဝါရှိသူကို လူငယ်တွေ ရည်ညွှန်းခေါ်တဲ့ အခေါ်အဝေါ်)။

လူ့အသိုင်းအ၀ိုင်းနဲ့တင်စားပြောရရင် ခေတ်ပျက်ခရိုနီတွေလိုပေါ့။ သူတို့လက်တံတွေက ရှည်ပါတယ်။ အခု သံဃာထုရဲ့ပါဝင်မှုကလည်း ဆက်တိုက်ရှိနေချိန်၊ တော်လှန်ရေးလုပ်ငန်းစဉ်မှာလည်း ပါဝင်ပတ်သတ်လာချိန်မှာတော့ စစ်ကောင်စီဟာ အရိုးကို အရိုးနဲ့ထိုးဆိုသလို ဘုန်းကြီးချင်း ချခိုင်းတဲ့နည်းကို သုံးလာပါတယ်။ အင်္ဂလိပ်စကားပုံမှာတော့ “To protect the sheep, you have got to catch the wolf. Takes a wolf to catch a wolf.” လို့အဓိပ္ပာယ်ရပါတယ်။ သိုးတွေကိုကာကွယ်ချင်ရင် ဝံပုလွေကိုဖမ်းပါ။ ဝံပုလွေကို ဖမ်းဖို့ဆို ဝံပုလွေတစ်ကောင် အရင်ဖမ်း ဆိုတဲ့အဓိပ္ပယ်ပေါ့။

မန္တလေးက ဘုန်းကြီးကျောင်းတွေမှာ CDMers ရဲတပ်သားတွေ၊ စစ်သားတွေနဲ့ တော်လှန်ရေးလမ်းစဉ်လုပ်ကိုင်ကြသူတွေကို လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို မိတာတွေ၊ သံဃာဆန္ဒပြုမှုဆက်ရှိနေတာတွေ၊ သံဃာတွေခရီးသွားလာမှုရှိတာတွေ၊ ဒါတွေကို စစ်တပ်ကမြင်ပါတယ်။ ဘုန်းကြီးတွေ နိုင်ငံရေးမှာပါဝင်မှုကိုဖော်ထုတ်ဖို့ ဘုန်းကြီးတွေကို သုံးတဲ့သဘောပါ။

ဘုန်းကြီးနဲ့ စစ်ဆေးရေးဂိတ်အန္တရာယ်

အာဏာသိမ်းထားတဲ့ တိုင်းပြည်တစ်ခုမှာ လူ့အခွင့်ရေးချိုးဖောက်မှုဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး။ သတင်းစာတွေထဲမှာ လူတစ်ယောက်အသတ်ခံရတာတောင် သတင်းဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ၆ လကျော်မှာတော့ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ထောင်ကျော်ရှိလာသလို၊ စစ်တပ်က ပစ်သတ်လို့ သေဆုံးသူလည်း ၁၀၀၀ ကျော်လာပါပြီ။ တိုက်ပွဲတွေထဲမှာ စစ်သားတွေသေဆုံးတာလည်း ၁၀၀၀ ကျော်ရှိတယ်လို့ NUG အစိုးရဘက်က ထုတ်ပြန်တာလည်းရှိပါတယ်။ ဆိုတော့ အနည်းဆုံး လူ ၈၀၀၀ ကျော် သေဆုံးခဲ့ပါပြီ။

စစ်တပ်က ဒဏ်ရာရတဲ့ မြေအောက်တော်လှန်ရေးသမားတွေကို ခေါင်းတည့်ပစ်သတ်တာတွေကလည်း တိုက်ခိုက်မှုဖြစ်တဲ့ ဖြစ်စဉ်တွေမှာ ဆက်တိုက်ဆိုသလိုတွေ့ရတတ်ပါတယ်။ ဒီပဲယင်းလိုကိစ္စဆိုရင် ထင်ရှားပါတယ်။ တစ်ဖက်မှာ အမည်တပ်ရခက်တဲ့ မြေအောက်တော်လှန်ရေးသမားတချို့ရဲ့ စည်းလွတ်သတ်ဖြတ်မှုကလည်း ရှိလာပါတယ်။ ဥပမာအားဖြင့် စစ်ကိုင်းမှာ လူမှားပစ်သတ်တာတွေ၊ မန္တလေးတိုင်း မြင်းခြံဘက်မှာ လသားအရွယ်ကလေးကို ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်မျိုးတွေပါ။

ဒီလိုအခြေအနေတွေမှာ ဘုန်းကြီးတွေ ဂိတ်မှာထိုင်ခိုင်းတာက သေတွင်းတူးခိုင်းတဲ့အဖြစ်နဲ့တူပါတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ပါဆယ်ထုပ်မိုင်းတွေ
လမ်းပေါ်၊ ရဲစခန်း၊ ကြံ့ခိုင်ရေးနဲ့ ဒလန်တွေရဲ့အိမ်ရှေ့မှာပေါက်ကွဲတာရှိနေပါတယ်။ ဂိတ်တွေကလည်း ပစ်မှတ်အပျေ့ာစားထဲပါတာမလို့ မထင်မှတ်ဘဲရှေ့ဆိုင်ပစ်ခတ်မှု ဒါမှမဟုတ် ဖောက်ခွဲချိန်တွေမှာ ဂိတ်မှာထိုင်ရမယ့် ဘုန်းကြီးတွေကို ကံတရားဘယ်လောက်ပေးသနားမလဲဆိုတာ မေးခွန်းထုတ်စရာပါ။ အသက်ကို ညာဏ်ပဲစောင့်ပါတယ်။

သာမန်ဘုန်းကြီးတွေထက် အစကတည်းက သပ်လျှိုမွေးထားတဲ့ မဘသ လက်အောက်ခံနဲ့ YMBA နဲ့ဆက်စပ်နေတဲ့ ဘုန်းကြီးတွေ မပါဝင်လာဘူးလို့ပြောရခက်ပါတယ်။ ဘာလို့ဆို စစ်တပ်လိုချင်တဲ့ သတင်းတွေက သူတို့ဆီကနေစီးဆင်းနိုင်ပါတယ်။ တကယ်လို့ပစ်ခတ်မှုဖြစ်လို့ သေဆုံးတယ်ဆိုရင် ဘုန်းကြီးကိုတောင် အလွတ်မပေး အကြမ်းဖက်သမားတွေဆိုတဲ့ ပုံဖော်မယ့်ဇတ်လမ်းတွေ သူတို့သုံးလာနိုင်ပါတယ်။ ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးမှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

စစ်တပ်ရဲ့ မိကျောင်းမျက်ရည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာမသိမ်းခင်ကတည်း ခရစ်ယန်၊ မွတ်စလင်၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေကိုပါ အလေးထားသယောင် အမြဲတွေ့ပါတယ်။ ပြီးတော့ ဩဇာရှိတဲ့ဘုန်းကြီးတွေကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် တိုင်းမှူးတွေကိုအမြဲမပြတ် သွားလာလှုပ်ရှားခိုင်းလေ့ရှိပါတယ်။ ဒီမြင်ကွင်းတွေက တကယ်တော့ နေ့စဉ်သတင်းတွေမှာ အမြဲလိုလိုတွေ့ရတာမို့ လူတွေက အရေးမကြီးဘူးလို့ ထင်မှတ်ကြမှာပါ။

တကယ်တော့ ဒါဟာ ဘုန်းကြီးတွေနဲ့တပ်ကြားက ဆက်ဆံရေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ ဘာလို့လဲ။ ဖြစ်နိုင်ခြေအကြောင်းရင်း ၃ ခုလောက်ကို စဉ်းစားမိပါတယ်။ ၁- ဘုန်းကြီးတွေဟာ သံဃာတွေသာမက၊ အရပ်သားတွေအပေါ်မှာပါ ဘာသာရေး၊ ဓလေ့ထုံးတမ်းအရပါ လွှမ်းမိုးမှုရှိတယ်။
၂- သာသနာကို တကယ်ပဲ စစ်တပ်က အလေးထားသယောင်ပြတယ်။ ၃- စစ်တပ်လိုချင်တဲ့ လူသားအရင်းအမြစ် သံဃာထုမှာရှိတယ်။

နံပါတ်-၁ အချက်ကို စဉ်းစားကြည့်မယ်ဆို ခင်များရဲ့ရပ်ရွာကိုပဲ ပြန်ကြည့်ပါ။ ကျောင်းထိုင်ဘုန်းကြီးက ဟေ့ ဘာလုပ်သင့်တယ်ဆို လိုက်လုပ်ကြတာ များတယ်မှတ်လား။ အဲဒီတော့ တစ်ရွာလုံးကို လိုက်ထိန်းမယ့်အစား ခေါင်ကိုကိုင်လိုက်ပြီး ထိန်းလိုက်နိုင်တဲ့အခွင့်ရေးကို သူချည်းကပ်တာဖြစ်တယ်။ နောက်တစ်ချက်ကတော့ ဘုန်းကြီးတွေက အရပ်သားအပေါ်လွှမ်းမိုးမှုရှိတာမလို့ ဘုန်းကြီးကို အာခံပြီးမလှန်ရဲအောင်၊ လှန်တယ်ဆိုလည်း ရပ်ရွာထဲမှာ သာသာနာနဲ့အမျိုးဂုဏ်ကို အလေးမထားသူအဖြစ်ပုံဖော်လို့ရတဲ့ အားနည်းချက်တွေကို စစ်တပ်က ကောင်းကောင်းသိတယ်။

တတိယအမြောက်အချက်ကတော့ သံဃာဆိုတာထက် လူ့အရင်းအမြစ်အဖြစ် စစ်တပ်ကရှုမြင်မှုရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သီတဂူဆရာတော်က စစ်သားအင်အားလိုသလား သံဃာဘယ်လောက်ရှိတယ်လို့ပြောဆိုခဲ့တာမျိုးရှိပါတယ်။ အတိအကျမဟုတ်ပေမယ့် မြန်မာမှာ သင်္ဃာအရေအတွက်
အနည်းဆုံး တစ်သိန်းမက ရှိပါတယ်။

ဘုန်းကြီးတွေကို စစ်တပ်က အမြဲတမ်းကပ်တယ်၊ လက်အုပ်ချီ ရှိခိုးတယ်၊ ဘာလှူတယ်၊ ညာလှူတယ်လို့ သတင်းတွေမှာအမြဲထုတ်ပြန်ပေမယ့်၊ တကယ်တမ်းရိုသေကိုင်းရှိုင်းလားဆိုတော့မဟုတ်ပါဘူး။ သာဓကတော့ ၂၀၀၇ ရွှေဝါရောင်သံဃာအရေးအခင်းရှိပါတယ်။ သင်္ဃန်းတောင် မချွတ်ဘဲ စစ်ဖိနပ်နဲ့ခေါင်းတက်နင်းတာ၊ ခွေးလို ရိုက်နှက်တာ၊ နှိပ်စက်တာတွေက အကောင်းဆုံး နမူနာတွေပါ။ တစ်ခါ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရခိုင်ပြည်စစ်ပွဲတွေမှာလည်း စစ်ကောင်စီတပ်တွေက အလားတူလုပ်ခဲ့တာတွေရှိပါတယ်။

ဒီမိုကရေစီနဲ့လူ့အခွင့်ရေး ကြိုးပမ်းကြသူတချို့ရဲ့အားနည်းချက်ကတော့ သံဃာထုနဲ့အနေစိမ်းတာပါ။ ပြောရမယ်ဆို နိုင်ငံရေးဟာ သံဃာထုနဲ့မဆိုင်လှဘူးလို့မြင်တယ်နဲ့လည်းဆိုင်မယ်ထင်ပါတယ်။ တနည်းအားဖြင့် စေတနာသန့်သန့်နဲ့မြင်တဲ့အမြင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲမြင်ကြပါစေ၊ တကယ်လို့ မန္တလေးကဘုန်းကြီးတွေကိုစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီကချမယ့် အစီစဉ်မှန်တယ်ဆိုရင် ဒါဟာ မန္တလေးတစ်ခုသာမက၊ တခြားမြို့နယ်တွေမှာပါ ကျင့်သုံးခိုင်းလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

စစ်တပ်က အသုံးချမယ့် ကိစ္စကို သက်ဆိုင်ရာ မြို့နယ်နဲ့ တိုင်းအလိုက် သံဃာထုက ဘယ်လိုတုံ့ပြန်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ တကယ်လို့ စစ်ဆေးရေးဂိတ်တွေမှာသာ ဘုန်းကြီးချထားလာခဲ့ရင် မထင်မှတ်တဲ့အလစ်ငိုက်တိုက်ခိုက်မှုတွေမှာ အရပ်သားအပါအဝင် ဘုန်းကြီးတွေ အသက်ဆုံးရှုံးမှုတွေ ကြုံလာနိုင်တယ်လို့သုံးသပ်ရပါတယ်။

Credit – MoreMrontVlog