Celebrity Local News

ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၏ ညစ်ပတ်သော ဖျားယောင်းမှု

သြဂုတ်လ ၁၃ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်ပြီး ဂီတအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ဂီတ အနုပညာရှင် တစ်ချို့နဲ့ အစည်းအဝေးလုပ်တယ်။

အကြောင်းကတော့ ကိုဗစ်ကို အကြောင်းပြပြီး ဂီတ လုပ်ငန်းတွေ ပြန်လုပ်ကြဖို့ စည်းရုံးတာ။ ပြန်ပြီး ရေးကြ၊ တီးကြ၊ ဆိုကြ၊ ကကြ၊ ပြည်သူတွေကို ဖျော်ဖြေကြ ဆိုတာမျိုး။ ဒါက သိပ်မထူးဆန်းပါဘူး။

အာဏာရူးတွေက သူတို့ အုပ်ချုပ်နေချိန်မှာ ဂီတ အပါအဝင် နယ်ပယ်အသီးသီးက လူတွေ ပုံမှန် အတိုင်းဖြစ်နေပါတယ်၊ ပုံမှန်အတိုင်း လုပ်နေကြပါတယ် ဆိုပြီး ပြချင်လို့ လုပ်တာ။

အဲ ထူးခြားတာ တစ်ခုက ဂီတ လောကသားတွေကို လာဘ်ထိုးဖို့ ကြိုးစားတာ။

အဲဒီမှာ ဦးမောင်မောင်အုန်း ကမ်းလှမ်းခဲ့တာတွေထဲက တစ်ခုကတော့ “ ဘဏ်များတွင် ငွေကြေး ထုတ်ယူမှု အဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာ ဌာနများနှင့် ပတ်သက်၍ မိတ်ဖက် အဖွဲ့အစည်းအနေဖြင့် အပြည့်အဝ ကူညီပူးပေါင်း ဆောင်ရွက်ပေးသွားမည်” လို့ ဆိုတယ်။

အဓိပ္ပါယ်ကတော့ သူတို့နဲ့ ပူးပေါင်းရင် အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ ဘဏ်တွေကနေ ငွေ လွယ်လွယ်ကူကူ ထုတ်လို့ရအောင် လုပ်ပေးမယ် ဆိုတာမျိုး။

တကယ်တော့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ ငွေစာရင်းဖွင့်ပြီး ဘဏ်မှာ အပ်ထားတဲ့ငွေဆိုတာ ဥပဒေအရ၊ စည်းမျဉ်းစည်းကမ်းအရ၊ ဘဏ်နဲ့ ကာစတန်မာ နှစ်ဖက်သဘောတူ ပဋိဉာဉ်အရ အချိန်မရွေး လိုအပ်သလောက် ပြန်ထုတ်လို့ရမယ့် ငွေတွေ။

စစ်ကောင်စီနဲ့ သူ့သြဇာခံ ဗဟိုဘဏ်ဘက်က ညစ်ပတ်ပြီး ထုတ်မပေးလို့ ဒီနေ့အချိန် ပြည်သူတွေရဲ့ ငွေတွေ ဘဏ်တွေထဲ ပိတ်မိနေတာ။ အဲလို လုပ်ထားတာကို သူတို့နဲ့ ပူးပေါင်းရင် ငွေထုတ်ခွင့်ရအောင် လုပ်ပေးမယ် ဆိုတော့ အရင် စစ်အာဏာရှင်ဟောင်းတွေရဲ့ ခေတ်ကို ပြန်သတိရစေတယ်။

မှတ်မိကြပါလိမ့်ဦးမယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေ၊ ကားတင်သွင်းခွင့်တွေကို အာဏာရှင်တွေ ချုပ်ကိုင်ထားတဲ့ကာလ။ ပြည်သူ့အခွင့်အရေးကို ဥပဒေမဲ့ ပိတ်ပင်ထားတဲ့ကာလ။

အဲဒီကာလတုန်းက ခုလိုပဲ နယ်ပယ် အသီးသီးက လူတွေနဲ့ ဂီတ လောကသားတွေ သူတို့နဲ့ ပူးပေါင်းရင်၊ သူတို့ခိုင်းတာလုပ်ရင် ဆုလာဘ် အနေနဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် ချပေးမယ်၊ ကားပါမစ် ချပေးမယ်၊ တစ်ချို့တွေကိုဆိုရင် ပြည်သူတွေဆီကမြေသိမ်း၊ အကွက်ပြန်ရိုက်ထားတဲ့ မြေကွက်တွေ ချပေးမယ် ဆိုပြီး စည်းရုံး၊ ဆွဲဆောင်၊ ညစ်ပတ်တဲ့ အခွင့်အရေးပေးပြီး ဖျက်ဆီးခဲ့ကြတယ်။

နယ်ပယ် အသီးသီးကလူတစ်ချို့ အပါအဝင် ဂီတ၊ရုပ်ရှင် နယ်ပယ်က လူတစ်ချို့ကလည်း အဲဒါတွေယူ၊ ပျော်ပျော်ကြီး ပျက်စီးခံခဲ့ကြတယ်။ တစ်ချို့ အဲဒီ အခွင့်အရေးတွေနဲ့ ချမ်းသာလာကြတယ်။

အခု အာဏာရူးတွေကလည်း အရင် အာဏာရှင်တွေ လမ်းကိုလိုက်ပြီး ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို မတရား ပိတ်ပင်၊ အဲဒါကိုပဲ အခွင့်အရေး ဆိုပြီး ပြန်ပေးရင်း ဖျက်ဆီးဖို့ ကြံစည်ကြပြန်တယ်။

ဒါပေမယ့် သူတို့ မသိတာက လက်ရှိ ပြည်သူတွေဟာ အရင် အာဏာရှင်လက်အောက်က ပြည်သူတွေ မဟုတ်တော့ဘူး ဆိုတာပဲ။ လက်ရှိ ဂီတ နဲ့ အနုပညာရှင်တွေဟာ အရင်ခေတ်က ဂီတ နဲ့ အနုပညာရှင်တွေလို မဟုတ်တော့ဘူး ဆိုတာပါပဲ။

သူတို့ရဲ့ ညစ်ပတ်တဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ နေနေသာသာ ၊ မတရားမှုတွေကို နှုတ်ဆိပ်နေဖို့ နေနေသာသာ တော်လှန် ဆန့်ကျင်နေကြတာ မမြင်ချင်မှ အဆုံးပဲ မဟုတ်ပါလား။

STAM