Sports

အာဆင်နယ် အသင်း ပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်တဲ့ အာတီတာ…

အာဆင်နယ် အသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ပါတယ် ။ ဘရန့်ဖိုဒ့် အသင်း အတွက် သမိုင်းဝင် အောင်ပွဲ ဖြစ်ပြီး ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီကို လေးပွဲဆက် နိုင်ပွဲ နဲ့ ရာသီသိမ်း နိုင်ခဲ့ပေမယ့် သူတို့ရဲ့ လိဂ်ပြိုင်ပွဲ နိုင်ပွဲဆက်မှု ဟာ ရာသီအစမှာပဲ ရပ်တန့် ခဲ့ရပါပြီ ။ ဘရန့်ဖိုဒ့် အသင်း အတွက် ဂိုးတွေကိုတော့ ကာနိုစ့် နဲ့ နောဂတ် တို့က သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့သူတွေ ဆိုလို့ စမစ်ရို ၊ တီယာနေး တို့ နှစ်ဦးသား ရှိခဲ့ပြီး ဘရန့်ဖိုဒ့် အသင်းဟာ တစ်ပွဲလုံး နိုင်လိုစိတ် အပြည့်နဲ့ ကစားကာ နှစ်ပေါင်း ၇၄ နှစ် အတွင်း ပထမဆုံး ထိပ်တန်းလိဂ်ပွဲ မှာ နိုင်ပွဲ ရယူ သွားနိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် ပွဲတွေမှာ ချန်ပီယံဆု အတွက် ရေပန်းစားနေကြတဲ့ ချဲလ်ဆီး၊ မန်စီးတီး တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် အာတီတာ တစ်ယောက် ဖိအားတွေ တိုးသထက် တိုးဖို့ပဲ ရှိပါတော့တယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဘရန့်ဖိုဒ့် အသင်းကို ရှုံးနိမ့်ပြီးနောက် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ” ပထမဦးဆုံး အနေနဲ့ အသင်းကိုအားပေးကြတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ၊ ဒီအထိ လာအားပေးကြတဲ့ ပရိသတ်တွေ ရှိပါတယ် ။ ”

” ပြီးရင်တော့ ပရိသတ်တွေကို အနူးအညွတ် တောင်းပန်ချင်ပါတယ် ၊ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ် နေသေးတယ် ဆိုတာ သိပါတယ် ၊ လာမယ့် နှစ်ပွဲက တကယ့် ပွဲကြီးပွဲကောင်းတွေပါ ၊ ဒီနေ့ပွဲ နဲ့ မတူညီတဲ့ ရလဒ် ထွက်ဖို့ဆို အဲ့ဒီပွဲတွေမှာ မတူညီတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်ဖို့ လိုအပ်ပါတယ် ။ ”

” ရာသီသစ် ကို အရှုံးနဲ့ စတင် ခဲ့ရတဲ့ အတွက် အတော်လေး စိတ်ပျက် မိပါတယ် ၊ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ် ကော စွမ်းဆောင်ရည် ကော မရရှိ ခဲ့ပါဘူး ။ ”

” ကျွန်တော် အဓိက အာရုံစိုက်တာက ကစားသမားတွေ အကောင်းဆုံး ကစားနိုင်ဖို့ ၊ အသင်းရဲ့အကောင်းဆုံး ကစားပုံ ထွက်ပေါ်လာဖို့ နဲ့ ဘောလုံးပွဲတွေ ကို အနိုင် ရရှိဖို့ပါပဲ ။ ”

” ကျွန်တော်တို့ ဘာလုပ်ချင်သလဲ ဆိုတဲ့ အစီအစဥ် ရှင်းရှင်းလင်းလင်း ရှိပါတယ် ။ ကျွန်တော်တို့ ရဲ့ အဓိက အားသာချက် က ဘာလဲ ၊ ဘယ်နေရာတွေ အားဖြည့်ဖို့ လိုသလဲ ဆိုတာ သိပါတယ် ။ ဒီနေ့ စွမ်းဆောင်ရည် က အရင်က မြင်ခဲ့ဖူးတဲ့ စွမ်းဆောင်ရည်နဲ့ ဘာမှ မကွာခြားဘူးလို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Credit