Local News

မြန်မာပြည်သူများ မျှော်လင့်စောင့်စားနေကြတဲ့ တိုတယ် ဝါး

ယနေ့ ကမ္ဘာကြီးသည် တုန်လှုပ် စရာ အဖြစ်ကြီး နှစ်ခု နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ပထမတခုမှာ လွန်စွာ ကူးစက်လွယ်သော ဒဲလ်တာ မျိုးကွဲ ကိုဗစ် ပိုး ပင် ဖြစ်သည်။ ဒုတိယ တခုကတော့ အာဖဂန်နစ္စတန် တွင် တာလီဘန်များက တဖြေးဖြေး နှင့် မြို့တော် ကဘူးလ်သို့ ချဉ်းကပ် လာနေပြီး အမေရိ ကန်ကပင် ၎င်းတို့ သံရုံးကို အနှောက်အယှက် မပေးရန် ပန်ကြားနေရသည့် အဆင့်သို့ ရောက်လာနေသည်။ သမ္မတ အာရှပ် ဂမ်နီ သည်ပင် အပြစ်အခတ် ရပ်စဲရန် ကမန်းကတမ်း ပြောဆိုလာနေရပြီ ဖြစ်သည်။

အာဖဂန်နစ္စတန်သည်သာ တာလီဘန်တို့ လက်ထဲ ကျရောက်သွားမည်ဆိုက ဒေသတခွင်တွင် ပြင်းထန်သော ဂယက်ရိုက်မှု များ နှင့် ကြုံလာရဖွယ် ရှိနေပေသည်။

မြန်မာ ပြည်သူများ အဖို့ကတော့ အဆိုပါ ဖြစ်ရပ်ကြီးများကို အများသူငါလို အရေးမစိုက်နိုင်အား၊ စစ်အာဏာ ရှင်များကို အပြီး အပိုင် မောင်းထုတ် နိုင်မည့် Total War ကြီး ဆင်နွှဲမည့် အချိန်ကိုသာ မျှော်တလင့်လင့် ရှိနေ ကြသည်။

ယခုအခါ အာဖဂန် နစ္စတန် သမ္မတ ဂါဇာနီ လက်အောက်တွင် နိုင်ငံတဝက်ခန့်သည် တပတ်အတွင်း တာလီဘန်တို့ လက်ဝယ် ကျဆင်းသွားခဲ့ရပြီး ဖြစ်သည်။ ယင်းနှင့် အတူ ဒုတိယ နှင့် တတိယ အကြီးဆုံး မြို့ကြီးများ ဖြစ်သော ကန်ဒါဟာ နှင့် ဟီရတ် မြို့များကို ဩဂုတ် ၁၂ ရက်နေ့တွင် တာလီဘန်တို့က သိမ်းပိုက်နိုင်လိုက်ပြီ ဆိုသော သတင်းများသည်လည်း “မိမိတို့ ဆီတွင် ထိုသို့ ဖြစ်လျှင် ကောင်းလေစွ” ဟု မတွေးမိဘဲ မည်သူမျှ နေကြလိမ့် မည် မဟုတ်ပေ။

အိမ်ဖြူတော်ရှိ အန်ကယ် ဂျိုး ကြီးမှ တပ်များ အလျှင်အမြန် ပြန်လည် ရုပ်သိမ်းတော့မည်ဟု စတင်ကြေညာ ခဲ့သည့် ဧပြီ လ မှ စ၍ ထိုးစစ်များ စတင်ဆင်နွှဲလာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် တို့က နှစ်ပေါင်းများစွာ ကြာအောင် အင်အား သုံးသိန်း နီးပါး ရှိသော အာဖဂန် လုံခြုံရေး တပ်ဖွဲ့များကို လေ့ကျင့်စရိတ် နှင့် လက်နက် တပ်ဆင် စရိတ်ချည်း ဒေါ်လာ ၈၈ ဘီလီယံ သုံးစွဲခဲ့ပြီး ဖြစ်သည်။ ထို့အပြင် လေကြောင်းပစ်ကူ ဖြင့်လည်း အားဖြည့်ပေးနေဆဲ ဖြစ်သည်။ တာလီဘန် တပ်များ လှုပ်ရှားမှုကို ဂြိုလ်တု ထောက်လှန်းရေး မြေပုံများမှ တဆင့် အကုန်အစင် သိရှိထားပြီး ဖြစ်သည်။

နင်လား ငါလား တိုက်ရန်ဖြစ်လာချိန်တွင် ယခင်က သုံးသိန်း ဟု အမေရိကန်တို့ ယူဆထားသော အင်အားသည် တကယ်မရှိ၊ တပ်မှူးများက ghost soldiers များ နှင့် စာရင်းပြကာ လစာများ ထုတ်ယူနေကြသည့် အဖြစ်သည် ဘူးပေါ်သလို ပေါ်ကုန်ပြီး တကယ်ရှိနေသော တပ်များမှာလည်း တပ်ကို စွန့်ခွာ ထွက်ပြေးကုန်ကြသည်က များသည်။

ထိုမျှလောက် အင်အား တောင့်တင်းနေသော အစိုးရတပ်များကို အမာခံ အင်အား ၆၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်း ထားကြသော တာလီဘန်တို့ အောင်ပွဲဆင်နိုင်ခဲ့သည်မှာ အားကျအတုယူဖွယ်ပင် ဖြစ်သည်။ မြန်မာ လူငယ် PDF များအတွက် လက်နက်အင်အားသည် အဓိက မဟုတ်၊ စိတ်ဓါတ် သည်သာ ပဓာန ဖြစ်သည်။ သို့သော် တာလီဘန်များက တိုက်ရေ ခိုက်ရေ ပြည့်ဝပြီး ဖြစ်သော်လည်း တာလီဘန်တို့ဖက်တွင် ပြည်သူများ မရှိ၊ မိမိတို့ဖက်တွင် အင်တိုက်အားတိုက် ပူးပေါင်း ကူညီကြမည့် ပြည်သူများက အပြည့် ရှိနေပြီး ဖြစ်သည်။

အမေရိကန် တို့ကိုလည်း ဆိုဗီယက်တို့ ကဲ့သို့ပင် အာဖဂန်နစ္စတန် အား လက်လွတ်စပယ် ပြစ်ထားကာ အရှက် တကွဲ ဆုတ်ခွာပေးခဲ့ရသည်ကို ကြည့်က မည်သို့မျှ အားကိုး၍ မရဆိုသည်ကို ကမ္ဘာတဝှမ်းက ရိပ်စားမိသွားကြပြီ ဖြစ်သည်။ အမေရိကန်တို့သည် ထိုးစစ်ကိုသာ ပိုင်နိုင်သူများ ဖြစ်ပြီး ခံစစ်ကို မည်သို့ ဆင်နွှဲရမည်ဖြစ်ကြောင်း မသိသူများသာ ဖြစ်သည်။ နှစ်ပေါင်း နှစ်ဆယ် လုံးလုံး အာဖဂန် နစ္စတန်တွင် ဒေါ်လာ တြီလီယံ ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး ကျားကန်ပေးခဲ့သော်လည်း သဲထဲရေသွန်သလို ဖြစ်သွားခဲ့ရလေသည်။

မြန်မာစစ်တပ်သည် ယခုအခါ မည်သူကိုမျှ ယုံစား နိုင်ခြင်း မရှိတော့သဖြင့် တနိုင်ငံလုံးတွင် ၎င်းတို့ အတွက် အနက်ရောင် နယ်မြေများ အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ သံဃာတော်များကိုပင် လူသား ဒိုင်း အဖြစ်၊ အစောင့်များ အဖြစ် စစ်သားများ နှင့် ရောနှောထားရန် ကြံစည်လာနေကြသည်။

ထိုအကြောင်းကို ကောင်းစွာ ရိပ်စားမိနေပြီး ဖြစ်သော စစ်တပ်သည် ပြည်သူများ၏ စိတ်ဓါတ်ကို ရိုက်ချိုးနိုင်ရန် ဝါဒဖြန့် စစ်ပွဲကြီး ဆင်နွှဲနေသည်။ အဓိကအနေနှင့် ဖမ်းဆီးရမိသူများအား ရုပ်မြင်သံကြားမှတဆင့် ၎င်းတို့ ပြောစေချင်သည်များကို ပြောခိုင်းခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ နှိပ်စက်ညှင်းပမ်းခံထားရသူများအား ဂျပိုးကို လိပ်ဟု ပြောခိုင်းနေခြင်းမျိုးသည် လွန်စွာ အိုမင်းဟောင်းနွမ်းနေသော လုပ်ရပ်မျိုး ဖြစ်၍ မည်သူကမှ အယုံအကြည် မရှိကြမှန်းကို ရိပ်စားမိပုံလည်း မရပေ။

တပ်ထဲတွင်လည်း ၎င်းတို့ လုပ်ရပ်များသည် တိုင်းပြည်အတွက် မဖြစ်မနေ လုပ်ရခြင်း ဖြစ်သည် ဆိုကာ တရား မျှတမှု ရှိလေဟန် ရာထူးတက်ရေး မှ လွဲ၍ ဘာတခု မျှ ဗဟုသုတ မရှိသော အရာရှိများကို ဝါဒ ဖြန့်နေသည်။ အပြင်လူများကို ဆွဲထုတ်ကာ ပြောဆိုခိုင်းရသည့် အထိ ဖြစ်လာသည်။

ယခုအခါ နိုင်ငံတကာ၏ အသိအမှတ်ပြု ခံရရေးတွင် အကြီးအကျယ် ထိုးနှက်ခံရတော့မည့် ကုလ ကိုယ်စား လှယ်ရွေးချယ်ရမည့် အချိန်ကား နီးကပ်လာနေပြီ ဖြစ်သည်။ ကုလ လုပ်ထုံးလုပ်နည်းများအရ ကိုယ်စားလှယ် ရွေးချယ်ရေး အဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ကုလ အထွေထွေ ညီလာခံတွင် အပြီးသတ် မဲခွဲဆုံး ဖြတ်ပေးရန် ရှိနေ၍ ၎င်းတို့ အရေးနိမ့်ဖို့က သေချာနေပြီ ဖြစ်သည်။ ထို့အတွက် သံအမတ်ကြီး ဦးကျော်မိုး ထွန်းအား ကုလ ကိုယ်စားလှယ် အဖြစ် ပြည်သူများက ထောက်ခံကြောင်း ဖေ့စ်ဘုတ် ပရိုဖိုင်းများ ပြောင်းလာ သည့်အဖြစ်ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာကာ ၎င်းတို့ ထုံးစံအတိုင်း ဖမ်းမယ် ဆီးမယ် ခြိမ်းခြောက် လာသည့် အထိ အောက်တန်းကျစွာ ပြုမူလာခဲ့ရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဇွန်လ ၁ ရက် မှ ဇူလိုင် ၃၁ အကြား နိုင်ငံအနှံ့ ပြည်သူစစ် အဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲပေါင်း အကြိမ် ၇၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း တပ်များဖက်မှ ၁,၁၃၀ သေဆုံးပြီး ၄၄၃ ဦး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ဖေါ်ပြထားသည်။ အရပ်သား ၃၅၀ အသတ်ခံခဲ့ရပြီး ၁၄၀ ဒဏ်ရာရရှိသွားသည်ဟုလည်း ပါရှိသည်။

နိုင်ငံအား ပြည်တွင်း စစ်ကြီး ဖြစ်အောင် ဆွဲခေါ်သွားသည့် အဓိက တရားခံများကတော့ မင်းအောင်လှိုင် နှင့် အပေါင်းအပါများသာ ဖြစ်သည်ကိုတော့ မည်သို့မျှ ငြင်းဆို၍ မရပေ။

မင်းအောင်လှိုင်သည် တကယ်တမ်းတွင် ဖွဲ့စည်းပုံပါ စစ်တပ်၏ ဦးဆောင်မှု ကဏ္ဍ ကို ထိန်းသိမ်း လို၍ ဆိုက ဖွဲ့စည်းပုံကို ပြင်ဆင်ရန် လူထု ဆန္ဒ ခံယူပွဲမျိုး ဖြင့် လှုပ်ရှားလာချိန်တွင် အာဏာသိမ်းမည်ဆိုလျှင် သူအတွက် မျက်နှာကောင်း ရနိုင်ပြီး ဟိုဖက် ဒီဖက် အပြစ်တင်စရာ ဖြစ်သွားနိုင်သည်။ သို့သော် နိုင်ငံတော် အတိုင်ပင်ခံသည် သူအားမည်သည့် ဆင်ခြေမှ ပေး၍ မရအောင် ပိတ်ဆို့ကာ တည်ငြိမ်စွာ အုပ်ချုပ်သွားခဲ့သည်။

နောက်ဆုံးတွင် ၎င်းအဖို့ ရာထူး အာဏာ လက်လွှတ်ရကာ မျောက်သစ်ကိုင်းလွတ် ဖြစ်လာတော့မည့် အနေ အထားအထိ ချောင်ပိတ်မိလာ၍ ၎င်း၏ မိသားစု သက်သာ ချောင်ချိရေး နှင့် ကောင်းစား ချမ်းသာရေး အတွက် ရွေးစရာ လမ်းမရှိတော့သဖြင့် မဲသမာမှု ဟု ဆိုကာ လွန်စွာ ကြမ်းကြူပ် ရက်စက်စွာ အကြောင်းပြပြီး အာဏာသိမ်းလိုက်ရသည့် အဖြစ်သို့ ဆိုက် ရောက်သွားခဲ့ရပေသည်။

ထို့အတွက် အာဏာသိမ်း ခဲ့မှုသည် မင်းအောင်လှိုင် အတွက် ဂုဏ်သိက္ခာ အရ အဖတ်ဆယ်မရအောင် အကြီး အကျယ် ဆုံးရှုံးသွားခဲ့ရပြီး စစ်တပ်ကိုပါ သူ၏လက်အောက်ခံ ကြေးစားတပ် အဆင့် ရောက်အောင် တွန်းပို့ သွားခဲ့လေသည်။

ကြေးစား တပ်ဖွဲ့ဝင်များသည်လည်း လက်နက်မဲ့ ပြည်သူများ အပေါ်သာ အလွယ်တကူ အနိုင်ကျင့်၍ရသော်လည်း တကယ့် စစ်မြေပြင်တွင်မူ လက်နက်အင်အား၊ လူအင်အား များစွာ နိမ့်ကျလျက် ရှိသော တိုင်းရင်းသား လက်နက်ကိုင် များ နှင့် PDF တပ်များကို အကျအဆုံးများစွာဖြင့် အရှုံးကြီး ရှုံးလျက် ရှိနေသည့် အဖြစ်ကြောင့် ၎င်းတို့ဖက်တွင် တခုခု အကြီးအကျယ် မှားယွင်းနေပြီး သေတွင်းကို တွန်းပို့ ခံနေရသည့် အဖြစ် ကို ရိပ်စားမိလာကြသည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai