Sports

ပရီးမီးယားလိဂ် ပြေးလမ်းကြောင်းမှာ ချဲလ်ဆီးထက် အင်အားပိုကြီးတဲ့ အသင်း ၃သင်း ရှိနေကြောင်း ယူဆထားတဲ့ တူချယ်…

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ်စတယ် ပဲလေ့စ် အသင်းကို မားကို့စ် အလွန်ဆို ၊ ခရစ်တီယန် ပူလီဆစ် ၊ ထရက်ဗာ ချာလိုဘာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ဂိုးပြတ် အနိုင်ရခဲ့ပြီး ၊ အဖွင့်လှခဲ့ပါတယ် ။

ဒါဟာ ပရီးမီးယားလိဂ် ချန်ပီယံလောင်း တသင်းရဲ့ ခြေစွမ်းမျိုး ဖြစ်တယ်လို့ အများက ထောက်ပြခဲ့ကြသလို ၊ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အားနဲ့ဆို ချဲလ်ဆီး ဟာ မန်စီးတီးကို ဒီရာသီမှာ အနီးကပ် ဖိအားပေးမယ့် အသင်း ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြတာတွေ ရှိပါတယ် ။

အထူးသဖြင့် ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ၊ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်အား ဟာ အများကြီး ပိုကောင်းလာဖို့ ရှိနေပါတယ် ။ သို့ပေမယ့် ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ၎င်းတို့ထက် ပိုကောင်းတဲ့ အသင်း ၃သင်း ရှိနေသေးကြောင်း ယူဆနေပါတယ် ။

မနေ့က ပွဲပြီး Sky Sports ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ တူချယ် က ” ပြီးခဲ့တဲ့ ရာသီ အတွင်း ပြောခဲ့တုန်းကလိုပါပဲ ၊ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ကြိုးစားနေပြီး ၊ တပွဲချင်းစီပဲ အာရုံစိုက်ဖို့ အဓိက ဦးတည်သွားမှာပါ ။ ဒါဟာ ပရီးမီးယားလိဂ်ပါ ။ ကမ္ဘာ့ အခက်ခဲဆုံး လိဂ်ပြိုင်ပွဲလည်း ဖြစ်ပါတယ် ။ ”

” အရာရာတိုင်းဟာ ကိုယ့်ရဲ့ လုပ်ရပ်ပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ အမဲလိုက် မုဆိုး သဖွယ် လီဗာပူး ၊ စီးတီး ၊ မန်ယူနိုက်တက် အသင်းတွေနဲ့ ကွာဟချက်ကို လျှော့ချရမယ်လို့ ယုံကြည်ထားပါတယ် ။ တပတ်ပြီး တပတ် ဒီလို စွမ်းဆောင်ရည်မျိုး ပြသနိုင်ရပါမယ် ။ ”

” ကျွန်တော်တို့ဟာ ကိုယ်ယှဉ်ပြိုင်နေတဲ့ ဘယ် ပြိုင်ပွဲမဆို အကောင်းဆုံး အသင်း ဖြစ်အောင် ကြိုးစားသွားမယ် ဆိုပြီး ထုတ်ပြောဖို့ ရှက်ကြောက်နေမှာ မဟုတ်ပါဘူး ။ ကွာဟချက် ကျဉ်းမြောင်းအောင် လျှော့ချရမယ့် အသင်း ၃သင်း ရှိနေပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းမစားခဲ့ပါဘူး ။ ဒါပေမယ့် လိုအပ်လာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့ကြပါတယ် ။ ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်တို့ဟာ ရာသီသိမ်း ပွဲစဉ် အပြီး အဆင့်၄ နေရာရဖို့ တော့တင်ဟမ်ရဲ့ အကူအညီတောင် ယူခဲ့ရပါသေးတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီကို ကြည့်ရင် ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်း ၃သင်း ရှိနေပါတယ် ။ ဒီတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်ဖို့ ၊ ပြင်းပြင်းထန်ထန် ကြိုးစားဖို့ ၊ အမြင့်မားဆုံး အဆင့်ကို ရောက်ရှိဖို့က ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Credit – SM