Sports

အူဘာမီယန်နှင့် လာကာဇက်အတွဲကို ကိုးမန်းခေါ်ယူလို

ဘာစီလိုနာအသင်းသည် အာဆင်နယ် တိုက်စစ်အတွဲဖြစ်သော အူဘာမီယန်နှင့် လာကာဇက်တို့ကို စောင့်ကြည့်နေသည်။ ဘာစီလိုနာနည်းပြချုပ် ကိုးမန်းသည် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူလိုနေသည်။ သို့ရာတွင် ဘရိုက်ဝိတ်ကို သင့်လျော်သောကြေးဖြင့် ရောင်းနိုင်မှသာလျှင် တိုက်စစ်မှူးသစ် ခေါ်ယူနိုင်မည် ဖြစ်သည်။

ငွေကြေးအခက်အခဲကြောင့် ဘာစီလိုနာသည် အူဘာမီယန်နှင့် လာကာဇက်တို့၏ ပြောင်းရွှေ့ကြေးကို အပြည့်အဝ ပေးနိုင်မည်မဟုတ်သဖြင့် မည်သည့်ကစားသမားကို ခေါ်သည်ဖြစ်စေ ကစားသမား အလဲအထပ် ပြုလုပ်ရမည်သာ ဖြစ်သည်။ ဘာစီလိုနာသည် ယခင်က အူဘာမီယန်နှင့် လာကာဇက် နှစ်ဦးစလုံးကို စိတ်ဝင်စားခဲ့ဖူးသည်။ ထိုကစားသမား နှစ်ဦးစလုံးကလည်း ဘာစီလိုနာသို့ ပြောင်းရွှေ့ရန်ကို စိတ်ဝင်စားသည်။

မက်ဆီ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားပြီးနောက် ဘာစီလိုနာတွင် ဂရိဇ်မန်း၊ ဒီပိုင်း၊ ဖာတီနှင့် ဒန်ဘီလီတို့ ရှိသော်လည်း တိုက်စစ်မှူးသစ်တစ်ဦးကို အားဖြည့်ရန် လိုအပ်နေသည်ဟု ကိုးမန်းက ယူဆနေသည်။ ဘာစီလိုနာ ခေါ်ယူထားသည့် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ အဂွဲရိုးမှာ ညာဘက်ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် သီတင်းပတ် ၁၀ ပတ်ခန့် အနားယူရဖွယ်ရှိသည်။ ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းအတွက် ၅၃ ပွဲကစားပြီး ၈ ဂိုးသွင်းယူထားသော ဘရိုက်ဝိတ်ကို သင့်လျော်သော ပြောင်းရွှေ့ကြေးဖြင့် ရောင်းချရန် ဘာစီလိုနာက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

အူဘာမီယန်နှင့် လာကာဇက်တို့သည် ဘရန့်ဖို့ဒ်ကို အာဆင်နယ်က ရှုံးနိမ့်သည့်ပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိချေ။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဂါဘွန်လက်ရွေးစင် အူဘာမီယန်သည် ၂၀၂၃ အထိ အာဆင်နယ်နှင့် စာချုပ်သက်တမ်း တိုးခဲ့သော်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိချေ။ လာကာဇက်မှာမူ အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည်။ ဘာစီလိုနာ၏ ငွေကြေးအကျပ်အတည်းမှာ ပြေလည်သေးခြင်းမရှိဘဲ အဂွဲရိုးနှင့် ဂါစီယာတို့ကို လာလီဂါတွင် တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် ပီကေးက လစာလျှော့ယူရန် သဘောတူခဲ့ရသည်။

Credit





Credit