Sports

အသင်းဟောင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တစ်ကျော့ပြန်ရောက်ရှိလာကြသူ ၅ ဦး

ကလပ်အသင်းကြီးတစ်သင်းအနေနဲ့ သူတို့တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲသွားခဲ့တဲ့ ကစားသမားတွေကို ပြန်လည်ခေါ်ယူတယ်ဆိုတာ ရှိတော့ရှိပေမယ့် ရှားပါးတဲ့ လုပ်ရပ်ပါ။ မာနတွေ သိက္ခာတွေကို စွန့်လွှတ်ပြီး ပြန်လည်ခေါ်ယူတယ်ဆိုတာကတော့ တကယ်ကောင်းလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီထဲကမှ ထင်ရှားတဲ့ ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ ဒွန် ဟတ်ချင်ဆန် (ဝက်စ်ဟမ်း)
ဒွန် ဟတ်ချင်ဆန်ဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းကို ၁၉၉၄ ခုနှစ်က နည်းပြကြီး ဟာရီ ရက်ဒ်နက်ပ်ရဲ့ ခေါ်ယူမှုနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပွဲထွက်မှာကို ဂိုးသွင်းပြနိုင်တဲ့ ထူးချွန်တဲ့ ကွင်းလယ်တိုက်စစ်သမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းတွင်းမှာ အဝါအနီ များတတ်တဲ့ စကော့တလန်သားကို နှစ်နှစ်အကြာမှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ရောင်းထုတ်ပစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာနဲ့ အချိန်ကုန်ခဲ့အပြီးမှာတော့ နေရာပျောက်ဆုံးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မီးလ်ဝေါလ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။

၄။ ဂရေမီ လီဆော့စ် (ချဲလ်ဆီး)
ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ လီဆော့စ်ကို လူစားလဲချိန်မှာ မကြာခဏ ဒေါသထွက်ပြမှုနဲ့ အသင်းကနေ ဘလက်ဘန်းဆီ ရောင်းထုတ်ခဲ့တာပါ။ ဘလက်ဘန်းနဲ့ ပရီးမီးယားလိဂ်ဖလားကို ၁၉၉၅ ခုနှစ်မှာ ချဲလ်ဆီးအရင် ရယူခဲ့တဲ့ ဘယ်နောက်ခံလူဟာ ၁၉၉၈ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအမြင့်ဆုံး ခံစစ်သမားအဖြစ် အသင်းဟောင်းဆီကို နည်းပြ ရုဒ် ဂူးလစ်ရဲ့ တောင်းဆိုမှုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၆ နှစ်ကြာ ပြန်ကစားပေးခဲ့သလို ဒီတစ်ခါ ပူးပေါင်းမှုမှာတော့ ဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

၃။ နီကိုလာ အနယ်လ်ကာ (ပီအက်စ်ဂျီ)
ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ခဲ့တဲ့ အနယ်လ်ကာရဲ့ စတင်ထွန်းတောက်ရာက အာဆင်နယ်အသင်း ဖြစ်ပြီး သူ့ကို နည်းပြကြီး အာဆင်ဝင်းဂါးက ပေါင်ငါးသိန်းနဲ့ ခေါ်ယူခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ်မှာ ဟိုက်ဘာရီရဲ့ ဂိုးသွင်းဘုရင်ဖြစ်လာတဲ့ သူ့ကို ရီးရဲလ်မက်ဒရစ်က ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် စပိန်နိုင်ငံရဲ့ လူနေမှုပုံစံနဲ့ အသားမကျခဲ့သလို ၃၁ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ပြင်သစ်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ အသင်းဟောင်း ပီအက်စ်ဂျီက ပေါင် ၂၂ သန်းနဲ့ ကလပ်စံချိန်တင်ပြီး ခေါ်ယူပူးပေါင်းခဲ့တာလည်းဖြစ်ပါတယ်။

၂။ ပေါလ် ပေါ့ဘာ (မန်ချက်စတာယူနိုက်တက်)
၂၀၁၆ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ သတင်းစာတွေအားလုံးရဲ့ ခေါင်းစည်းတွေကို စာလုံးမည်းကြီးတွေနဲ့ နေရာယူလိုက်ပါတယ်။ ဒါကတော့ ကွင်းလယ်လူ ပေါ့ဘာကို ပြောင်းရွှေ့ကြေး ပေါင် ၈၉.၅ သန်း (ယူရိုသန်း ၁၀၀) ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူလိုက်လို့ပါပဲ။ ဒီကြားထဲမှာတော့ သူ့ရဲ့ အေးဂျင့် မီနို ရိုင်ယိုလာက ဂျူဗင်တပ်စ်ဆီကနေ ပွဲခ ယူရို ၂၇ သန်း ဖြတ်စားသွားခဲ့တာကလည်း အံ့ဩကုန်နိုင်ဖွယ်ဖြစ်ခဲ့ပါတယ်။

သူ့အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့ရတာဟာ ယူနိုက်တက်တို့ရဲ့ အမှားတစ်ချက်ကြောင့်လည်းဖြစ်ပြီး ပြင်သစ်ကလပ် လေအာ့ဗ်ကနေ တရားတဘောင်အဖြစ်ခံပြီး ခေါ်ယူခဲ့တဲ့သူကို စာချုပ်သက်တမ်း တိုးဖို့ စိတ်အားထက်သန်မှု နည်းပါးခဲ့တာဖြစ်သလို အဲလက်စ် ဖာဂူဆန်ကတော့ “စိတ်ပျက်စရာကောင်းပြီး သူက အသင်းကို မလေးစားဘူး”လို့ပါ စွပ်စွဲခဲ့သေးတာပါ။ ဒါပေမယ့် ပြန်လည်ရောက်ရှိလာကတည်းက လက်ခံနိုင်စရာ ခြေစွမ်းကို ပြသခဲ့သလို ထူးချွန်ထင်ရှားတဲ့ ပွဲတွေလည်း ရှိခဲ့ပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ဘက်ကို ၄ ဂိုးအထိ ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။

၁။ ရိုမီလူ လူကာကူး (ချဲလ်ဆီး)
နောက်ဆုံးတစ်ယောက်ကတော့ နောက်ဆုံးပေါ်ပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကို ၂၀၁၁ ခုနှစ်က ပေါင် ၁၀ သန်းနဲ့ ခေါ်ခဲ့ဖူးတဲ့ ဘယ်လ်ဂျီယမ်သားက ပေါင် ၉၇.၅ သန်းနဲ့ ထပ်မံချိုးဖျက်သွားခဲ့ပြီး ဒီတစ်ခါမှာတော့ အားလုံးရဲ့ စိတ်အားထက်သန်မှုကို ရယူခဲ့တာပါ။ အင်တာမီလန်နဲ့ စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ လူကာကူးကို ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းကို ခေါ်ယူဖို့ ပျက်ပြယ်အပြီးမှာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ဝက်စ်ဘရွန်း၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာ အစမ်းသပ်ခံပြီးသူဖြစ်ပြီး လက်ရွေးစင် အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယမ်မှာပါ ထာဝရဂိုးသွင်းအများဆုံးစံချိန်ကို ၆၄ ဂိုးနဲ့ တင်ရှိထားခဲ့တဲ့ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ် ဝင်ရောက်ခဲ့ချိန်မှာတော့ သူ့ရှေ့က အီတလီပြန် ပေါ့ဘာထက်တောင် မြင့်မားတဲ့ ခြေစွမ်းတွေကို ပြသနိုင်ဖို့ တစ်ပေးခံထားရပါတယ်။ အသင်းဟောင်းနဲ့ တစ်ကျော့ပြန် ပူးပေါင်းခဲ့သူတွေထဲက အမြင့်ဆုံးစံချိန်ရှင် ၂၈ နှစ်သားကြီးနဲ့ ရင်ခုန်လိုသူတွေကတော့ ဒုနဲ့ဒေးကို စောင့်ဆိုင်းနေကြပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.