စပါးကို ရှုံးနိမ့်ပေမယ့် ဟယ်ရီ ကိန်း ကိုသာ အရခေါ်ယူနိုင်ခဲ့မယ် ဆိုရင် မန်စီးတီး ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ကာကွယ်နိုင်လိမ့်မယ်လို့ ဆိုလိုက်တဲ့

စပါးကို ရှုံးနိမ့်ပေမယ့် ဟယ်ရီ ကိန်း ကိုသာ အရခေါ်ယူနိုင်ခဲ့မယ် ဆိုရင် မန်စီးတီး ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ကာကွယ်နိုင်လိမ့်မယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီ နဗီးလ်…

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ဟာ ဒီနှစ် ဘောလုံးရာသီ အစ ကန့်လန်ကာ အဖွင့်မှာပဲ ရှုံးပွဲ ကြုံတွေ့ သွားခဲ့ ပါတယ်။ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ဆွန်ယောင်မင် ၊ လူးကပ် မော်ရာ ၊ ဘာဂဝင် တို့ ဦးဆောင်တဲ့ စပါး ရဲ့ တန်ပြန် တိုက်စစ်ဆင်မှုတွေ ကို ထိန်းချုပ် နိုင်ခြင်း မရှိပဲ ၊ ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ခံခဲ့ရကာ ၊ တောင်ကိုရီးယား သားရဲ့ တလုံးတည်းသော အဝေးကန်ချက် နဲ့ အရှုံးပေးလိုက် ရပါတယ်။

ယူနိုက်တက် ရဲ့ ဂန္တဝင် ကစားသမားကြီး ဂယ်ရီ နဗီးလ် ကတော့ ဒီပွဲ အပေါ် သူ့ရဲ့ အမြင်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်သွားခဲ့ ပါတယ်။

“ ကျနော့် အမြင်မှာတော့ မန်စီးတီး ဟာ ပွဲအစပိုင်း 15 မီးနစ် နောက်ပိုင်းမှာ ကစားအား ချပစ်လိုက်တယ် ထင်ပါတယ်။ အဲဒီ အတောအတွင်း သူတို့ ကစားပုံကို ကြည့်ရတာ တော်တော်လေး ကောင်းခဲ့ပြီး ၊ 1 ဂိုး/ 2 ဂိုးလောက်တော့ အနည်းဆုံး ရခဲ့သင့်တာပါ။

ဒါပေမယ့် အဲဒီနောက်ပိုင်း ကစားအား လျှော့ချလိုက်ချိန်မှာ စပါး က ယုံကြည်မှုတွေ တဖြေးဖြေး ခိုင်မာသွားသလို ၊ တန်ပြန်တိုက်စစ်တွေ ကနေ ပြန်လည်ခြိမ်းခြောက် လာခဲ့ပါတယ်။ အဲဒီ တုန့်ပြန်မှုတွေကိုလဲ မန်စီးတီး ဘက်က ကောင်းကောင်း မတားဆီးနိုင်ခဲ့ပါဘူး။

ဒီဘရိုင်း ဝင်လာပြီး နောက်ပိုင်းမှ ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းငယ် ပြန်လုပ်ဆောင်နိုင်ခဲ့ပေမယ့် ၊ သူတို့ ကစားပုံ ကြည့်ရတာ အနည်းငယ် ပင်ပန်းနေပုံ ပေါက်နေသလိုပါပဲ” လို့ ပြောပြသွားခဲ့ ပါတယ်။

မန်စီးတီး ကစားသမားဟောင်း ဖြစ်သူ မီကာရစ်ချတ် ကတော့ ဒီပွဲ ရှုံးနိမ့်ပေမယ့် ၊ မန်စီးတီး ရဲ့ ချန်ပီယံဆု ကာကွယ်မယ့် မျှော်လင့်ချက်ကို လျှော့တွက်ထားလို့ မရဘူးလို့ ဆိုပါတယ်။

“ စပါး ရဲ့ တန်ပြန်တိုက်စစ်တွေ ကို မထိန်းနိုင်ခဲ့တာ က စိတ်ပျက်စရာပါ။ သို့သော်လဲ အဲဒီလို အားနည်းချက်တွေ ရှိလာပြီ ဆိုရင် ပက် ဂွာဒီယိုလာ က ရအောင် ပြန်လည် ပြုပြင်လေ့ရှိသူ ဖြစ်တာမို့ သိပ်ပြီး စိတ်ပူနေစရာတော့ မလိုပါဘူး။

ဒီပွဲ အရှုံး ရလာဒ်ကို လက်ခံပါတယ်။ ဒါပေမယ့် မနှစ်က ဘောလုံးရာသီ ဆိုရင်လဲ ခရစ္စမတ် ကာလ အရောက်မှ နိုင်ပွဲတွေ ဆက်တိုက် ရယူပြရင်း အမှတ်ပေးဇယား ထိပ်ကို ပြန်လည် တက်လှမ်းပြခဲ့တာပါ။ ပြောရရင် မနှစ်က ကန့်လန့်ကာ အဖွင့်မှာလဲ အခုလိုမျိုး ရလာဒ်တွေ မကောင်းခဲ့ပေမယ့် ၊ ချန်ပီယံ ဖြစ်အောင်တော့ စွမ်းဆောင်ပြခဲ့တာပဲလေ” လို့ မှတ်ချက် ပေးလာခဲ့ ပါတယ်။

မန်စီးတီး ဟာ နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ ဆက်တိုက် 1-0 ရလာဒ်တွေနဲ့ချည်းပဲ ရှုံးနိမ့်ခဲ့သလို ၊ သွင်းဂိုးကလဲ ရယူနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် အီတီဟတ် တာဝန်ရှိသူတွေက စပါး တိုက်စစ်မှုး ကို စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး နဲ့ ခေါ်ယူနိုင်ဖို့ အထိ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဂယ်ရီ နဗီးလ် ကတော့ မန်စီးတီးသာ ဟယ်ရီ ကိန်း ကို ရအောင် ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်ဖို့ သေချာသလောက် အထိတောင် ဖြစ်သွားနိုင်တယ်တဲ့ အကြောင်း အခုလို ရှင်းပြလာခဲ့ ပါတယ်။

“ စပါး နဲ့ ပွဲမှာ မန်စီးတီး ရဲ့ အဓိက ပြသနာ က တန်ပြန် တိုက်စစ်တွေကို တားဆီးပြနိုင်ခြင်း မရှိခဲ့တာပါ။ ပြောရရင် မန်ဒီ ကို ပွဲထုတ်လာပြီ ဆိုတာ နဲ့ သူတို့ ရဲ့ ကစားပုံက ရုန်းကန်ရတာတွေ ခဏခဏ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ 10 နှစ် အတွင်း ပရီးမီးယားလိဂ် မှာ တန်ပြန်တိုက်စစ်တွေ တားဆီးတဲ့ နေရာမှာ အကောင်းဆုံး နောက်တန်း ကစားသမား ကို ပြပါ ဆိုရင် ကိုင်လီ ဝေါ်ကာ ကို ပြရမယ် ထင်ပါတယ်။ သူဟာ သူ့ရဲ့ ပြေးအားတွေ နဲ့ ခွန်အားကို အားပြုပြီး Block လုပ်ပြနိုင်တဲ့ သူပါ။

အသင်းမှာ ဝေါ်ကာလဲ ပြန်လာမယ် ၊ ကွင်းလယ် မှာ ရိုဒရီ နဲ့ ဒီဘရိုင်း လဲ ပြန်ကစားပေးနိုင်မယ် ဆိုရင် ကန်စယ်လို က ဘယ်တောင်ပံ ခံစစ်မှာ ပြန်ကစားလို့ ရပါပြီ။ ဒါဆိုရင် ပက်ဂွာဒီယိုလာ အတွက် ခေါင်းခဲစရာ မရှိတော့ပါဘူး။ နောက်တန်းမှာ စတုန်း ပြန်ကစားနိုင်လို့ အကီ ရဲ့ နေရာကို အစားထိုးလိုက်မယ် ဆိုပါက ပိုပြီးတော့တောင် တောင့်တင်းသွားဦးမှာပါ။

ဒါကြောင့် ရှေ့တန်းမှာ ကိန်း အတွက် ဂိုးတွေ ထိုင်သွင်းပြနေရုံပါပဲ။ သူဟာ မန်စီးတီး ကို ပြောင်းလာပြီ ဆိုတဲ့ တပြိုင်နက် ကျနော့် အမြင်မှာတော့ ပရီးမီးယားလိဂ် ဖလားကြီးကို နောက်တကြိမ် ကိုင်မြှောက်ပြဖို့ အတွက် သေချာသလောက် နီးပါးကို ဖြစ်သွားခဲ့ပါပြီ” လို့ သုံးသပ်သွားခဲ့ ပါတယ်။

Credit – SM