Local News

သူတို့အပေါ်မှာထားတဲ့ ပြည်သူတွေရဲ့စေတနာမေတ္တာတွေနဲ့ ဂရုစိုက်မှုတွေကို သူမြင်တွေ့ခဲ့ရတဲ့အတိုင်း ဖော်ပြလာတဲ့ PDF လူငယ်တစ်ဦး

ပြည်သူမှာ ပြည်သူပဲရှိတယ်ဆိုပြီး အားပေးကူညီနေကြတဲ့ လေးစားစရာစိတ်ဓာတ်တွေ စာလေးတွေဖတ်ရင်း ပီတိဖြစ်မိ …

ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတဲ့ PDF လူငယ်တွေကတော့ အားလုံးရဲ့ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ။ သူတို့အနေနဲ့ ထောက်ပံ့မှုတွေ လိုအပ်နေဆဲဖြစ်ပေမယ့်လည်း ရှိတာလေးနဲ့ အားတင်းပြီး ရှေ့ဆက်နေကြတာ ဖြစ်ပါတယ် ။ စေတနာရှင် ပြည်သူတွေကလည်း PDF လူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ အားပေးကူညီနေကြတာ ဖြစ်ပါတယ် ။

အခုလည်း မွန်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က PDF လူငယ်တစ်ဦးက PDF တွေအပေါ်မှာထားတဲ့ ပြည်သူတွေရဲ့စိတ်ရင်းအမှန်ကို ခံစားမိခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ အလှူခံ Post မတင်ထားတာတောင် ပြည်သူတွေက သူ့ဆီကို လာလှူနေကြပြီး သူတို့အလှူကို လက်ခံပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် တစ်နေ့တစ်နေ့ မလှူကြပါနဲ့ဦးလို့ အားနာနာနဲ့ငြင်းရတာက သူ့အတွက် နေ့စဉ်အလုပ်တစ်ခုလိုတောင် ဖြစ်နေကြောင်း အဲ့ဒီလူငယ်လေးက ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

PDF တွေအပေါ်မှာထားတဲ့ ပြည်သူတွေရဲ့စေတနာမေတ္တာတွေနဲ့ ဂရုစိုက်မှုတွေကို မြင်တွေ့လိုက်ရတာကြောင့် သူ့အနေနဲ့ ပီတိဖြစ်မိကြောင်း ဖွင့်ဟထားတာလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် “အားနာနေရတယ်..လှူတာလက်မခံရင် စိတ်ဆိုးမယ်ဆိုတဲ့ ညီအစ်ကိုတွေကတစ်မျိုး…လှူလို့ရပြီဆိုတာနဲ့ ပြောပေးဖို့ တတွတ်တွတ်လာပြောတဲ့ အစ်မတွေ ညီမတွေက တစ်ဖုံ …သိပ်ကို ချစ်စရာကောင်းလွန်းကြတယ်။ ပို့သတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်မှုအားလုံး ကျွန်တော်တို့လက်ခံရရှိကြောင်းပါခင်ဗျား…” ဆိုပြီး သူကပြောပြထားတာ ဖြစ်ပါတယ် ။

PDF လူငယ်လေးကတော့ စေတနာရှင်ပြည်သူတွေနဲ့ အပြန်အလှန်ပြောထားတဲ့ စာလေးတွေကို ဖော်ပြပေးထားပြီး လုံခြုံရေးအတွက် Chat Profile တွေကို ဖျက်ပေးထားတာလည်း တွေ့ရပါတယ်။

Credit