Sports

ကတိမတည်တဲ့ လပ်ဗီကြောင့် ဒေါသထွက်ရတဲ့ ဟယ်ရီကိန်း ပရိသတ်များနားလည်ရန် မျှော်လင့်

ဟယ်ရီကိန်းက လပ်ဗီသည် ကတိမတည်ဘဲ ယခုနှစ် နွေရာသီတွင် သူ့အား စပါးစ်မှထွက်ခွာခွင့်ပေးရန် ငြင်းဆန်နေကြောင်း ပြောဆိုလိုက်သည်။ စပါးစ်သည် သူ၏ရည်မှန်းချက်များနှင့် ထပ်တူကျသည့်အသင်း မဟုတ်သော်လည်း ဟယ်ရီကိန်းသည် အသင်းအတွက် အစွမ်းရှိသလောက် ကြိုးစားသွားမည်ဖြစ်ကြောင်း သူနှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ဟယ်ရီကိန်း၏ ကိုယ်စားလှယ်များက စပါးစ်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ကစားခွင့် ဆုံးရှုံးခြင်း သို့မဟုတ် ဆုဖလားတစ်လုံးမျှ မရရှိခဲ့ပါက ကိန်းကို အသင်းပြောင်းခွင့်ပြုမည်ဟု သဘောတူညီမှုရှိထားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ဟယ်ရီကိန်းက အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်ဖြစ်သည့် ဩဂုတ်လ ၃၁ မတိုင်မီတွင် မန်စီးတီးသို့ ပြောင်းရွှေ့ရန် မျှော်လင့်နေဆဲဖြစ်သည်။

သို့ရာတွင် အသက် ၂၈ နှစ်အရွယ်ရှိ ဟယ်ရီကိန်းက စပါးစ်ပရိသတ်များ၏ ယုံကြည်ချက်ကို ပြန်လည်ရရှိလိုနေပြီး မန်စီးတီးကို ၁-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဟယ်ရီကိန်းကို လှောင်ပြောင်မှုများ ရှိခဲ့သည်။ ဟယ်ရီကိန်းက သူ့အနေဖြင့် လိုအပ်လာပါက အသင်းအတွက် တစ်ရာရာခိုင်နှုန်း နှစ်မြှုပ်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ကစားသမား ၂၅ ဦးစာရင်းတွင် ပါဝင်သော်လည်း ဗုဒ္ဓဟူးနေ့ညတွင် ပါးကို့စ်ဒီဖာရဲရားအသင်းနှင့် ကစားမည့် ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲအတွက် သွားရောက်မည့် စပါးစ်အသင်းတွင် ဟယ်ရီကိန်း လိုက်ပါသွားဖွယ်မရှိဟု ဒေးလီးမေးက ဖော်ပြသည်။ စပါးစ်မန်နေဂျာ ဆန်းတို့စ်က ဟယ်ရီကိန်းကို ထားခဲ့ပြီး တနင်္ဂနွေနေ့တွင် ဝုဖ်အသင်းနှင့် ကစားမည့်ပွဲအတွက် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်ရေး ပြုလုပ်ထားရန် ရည်ရွယ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက စပါးစ်အသင်းအနေဖြင့် ဆုတံဆိပ် သို့မဟုတ် ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်လွှတ်ခဲ့ရပါက ကိန်းကို အသင်းပြောင်းရွှေ့ခွင့်ပေးမည်ဟု လပ်ဗီက သဘောတူညီခဲ့ကြောင်း ဟယ်ရီကိန်းဘက်မှ သတင်းရင်းမြစ်များက ဖော်ပြသည်။ စပါးစ်အသင်းအကြီးအကဲက ထိုစဉ်က စပါးစ်အသင်း မန်နေဂျာ မော်ရင်ညိုသည် ထိပ်ဆုံးလေးသင်းစာရင်းဝင်ရန်နှင့် ဆုဖလားများအတွက် ပြိုင်ဆိုင်သွားမည်ဟု ပြောဆိုခဲ့သည်။ ဟယ်ရီကိန်းက ထိုရည်မှန်းချက်များ မအောင်မြင်ပါက ကလပ်အသင်းက ၎င်းအားထွက်ခွာခွင့်ပေးမည်ဟု ယုံကြည်နေခဲ့သည်။

၂၀၁၈ တွင် အသင်းနှင့် ၆ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သော ဟယ်ရီကိန်းသည် ပြီးခဲ့သည့်နှစ် တွေ့ဆုံဆွေးနွေးမှုမတိုင်မီကပင် လပ်ဗီနှင့်တွေ့ဆုံပြီး သူ၏စိုးရိမ်ပူပန်မှုကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ကိန်းသည် စပါးစ်တွင် မပျော်သည်မှာ ၁၈ လခန့်ရှိပြီဖြစ်သည်။

စပါးစ်နှင့် မန်စီးတီးသည် ပြီးခဲ့သည့်နှစ်ကတည်းက ဆက်သွယ်မှုများ ရှိခဲ့သဖြင့် ဟယ်ရီကိန်းက ပရီးမီးယားလိဂ် ချန်ပီယံအသင်းသို့ ပြောင်းရွှေ့ခွင့်ရမည်ဟု ယုံကြည်နေခြင်းဖြစ်ကြောင်း ဟယ်ရီကိန်းဘက်မှ သတင်းရင်းမြစ်များက ဖော်ပြသည်။

မန်စီးတီးသည် ဟယ်ရီကိန်းကို ခေါ်ယူရေးအတွက် နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမှုတွင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း စပါးစ်က ပေါင်သန်း ၁၅၀ သတ်မှတ်ထားသည်။ ဟယ်ရီကိန်းက ယူရို-၂၀၂၁ မကစားမီတွင် စပါးစ်က သူ၏အပြောင်းအရွှေ့အတွက် ခွင့်ပြုပေးလိမ့်မည်ဟု ယုံကြည်နေသည်။

ထိုသို့အသင်းပြောင်းရွှေ့ခွင့်ပြုရန် သဘောတူညီချက် ရှိခဲ့သော်လည်း စပါးစ်က ကိန်းကို ရောင်းမထုတ်ဟု ပြောဆိုခဲ့ခြင်းမှာ လပ်ဗီက ကတိမတည်ခြင်းဖြစ်သည်ဟု ဟယ်ရီကိန်းဘက်မှ ယုံကြည်နေသည်။ ထို့အပြင် သူ၏ ဂုဏ်သိက္ခာကျစေသည့် အပြုအမူများကြောင့်လည်း ကိန်းက စိတ်ရှုပ်ထွေးလျက်ရှိသည်။ စပါးစ်အတွက် နှစ်ပေါင်းများစွာ ကစားခဲ့သော ဟယ်ရီကိန်းသည် သူ၏ ပရော်ဖက်ရှင်နယ်ပီသမှုကို မေးခွန်းထုတ်ခံရသဖြင့် နာကျင်ရကြောင်း ပြောဆိုခဲ့သည်။ ဟယ်ရီကိန်းသည် အသင်းနှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေပြီး သူ၏ရည်မှန်းချက် မပြည့်ဝသဖြင့် လပ်ဗီတို့က သူ့အား သိက္ခာကျစေခဲ့သည်ဟု ယူဆခြင်းဖြစ်သည်။

ဟယ်ရီကိန်းက အသင်းပြောင်းလိုခြင်းမှာ အဆင့်အမြင့်ဆုံး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုခြင်းကြောင့်ဖြစ်ပြီး ငွေကြေးကြောင့်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ကိန်းသည် ဥရောပ၏ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီး စပါးစ်တွင် လစာအများဆုံး ရရှိနေသော်လည်း ယခုအချိန်အထိ အသင်းလိုက်ဆုဖလား တစ်လုံးမျှ ဆွတ်ခူးနိုင်ခြင်း မရှိသေးချေ။

ဟယ်ရီကိန်းက သူ၏အပြောင်းအရွှေ့ ဖြစ်ပျက်နေပုံနှင့် ပတ်သက်၍လည်း ဒေါသဖြစ်ရသည်။ စပါးစ်တွင် နှစ်ပေါင်းများစွာ ကစားပြီးနောက် အသင်းပြောင်းလျှင်လည်း ပရိသတ်များနှင့် အဆင်ပြေပြေဖြင့်သာ ပြောင်းရွှေ့လိုသည်။ သို့ရာတွင် လပ်ဗီကြောင့် ပရိသတ်များနှင့် အဆင်မပြေဖြစ်ရသည်ဟု ကိန်းက ယူဆသည်။ ဟယ်ရီကိန်းက အသင်းနှင့်အတူ လေ့ကျင့်ရေးဆင်းရန် ငြင်းဆန်ခဲ့ခြင်းမှာ နားလည်မှု လွဲခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဟယ်ရီကိန်းက အနားယူရက် ပိုယူခဲ့ခြင်းမှာ ကလပ်အသင်းက ခွင့်ပြု၍သာဖြစ်ကြောင်း သူနှင့်နီးစပ်သူများက ဆိုသည်။

ဟယ်ရီကိန်းက ပရိသတ်များ၏ စိတ်ရှုပ်ထွေးမှုကို နားလည်သော်လည်း သူ၏ရပ်တည်ချက်နှင့် စပါးစ်အသင်းအတွက် နှစ်ပေါင်းများစွာ ကစားပေးခဲ့သည်များကို အသိအမှတ်ပြုရန် မျှော်လင့်နေသည်။ ဟယ်ရီကိန်း၏ ပြောဆိုမှုများနှင့်ပတ်သက်၍ စပါးစ်အသင်းက မှတ်ချက်ပေးခြင်းမရှိသေးချေ။

Credit