အာဆင်နယ်ပစ်မှတ် ရမ်စဒယ်ဟာ ပေါင်၁၀၀သန်း တန်တယ်လို့ ရှက်ဖီးလ် သတိပေး

အာဆင်နယ်ပစ်မှတ်ထားတဲ့ ရမ်စဒယ်ဟာ ပေါင်၁၀၀သန်း တန်တယ်လို့ သတိပေးလိုက်တဲ့ ရှက်ဖီးလ်အသင်း နည်းပြ ဂျိုကာနိုဗစ်

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ သူတို့အသင်းရဲ့ ဂိုးသမား ရမ်စဒယ်ဟာ ပေါင် ၁၀၀သန်း တန်တဲ့ ကစားသမား ဖြစ်ကြောင်း ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဂျိုကာနိုဗစ်က သတိပေးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနောက်ပိုင်းမှာ အာရုံစူးစိုက်မှု နည်းပါးကာ လက်စွမ်းတွေ ကျဆင်းနေတဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား လေနိုကို ပြိုင်ဆိုင်နိုင်ကာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာ အတွက် သင့်တော်မယ့် ဂိုးသမား တဦးကို ရှာဖွေနေတဲ့ အသင်း ဖြစ်ပြီး ရမ်စဒယ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဂိုးသမားပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ဂိုးသမား ရမ်စဒယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ တန်းဆင်းခဲ့ရပေမယ့် သူ့ရဲ့ ဂိုးပေါက် ကာကွယ်မှု မှတ်တမ်းဟာ အတော်လေးကို ကောင်းမွန်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တက်သစ်စ ဂိုးသမား တဦး အဖြစ်ပါ သတ်မှတ်ခံခဲ့ ရပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ ရမ်စဒယ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာ ဖြစ်ပြီး ရမ်စဒယ်က အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေပေမယ့် အာဆင်နယ်အသင်းနဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်းတို့ ကြားမှာ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု မရသေးပါဘူး။

ရှက်ဖီးလ် ယူနိုက်တက်အသင်းဟာ ရမ်စဒယ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း အထိ တောင်းခံနေပြီး အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းသာ ပေးချေလိုတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခက်ခဲနေတာပါ။ လက်ရှိမှာတော့ ဂျိုကာနိုဗစ်က သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ရမ်စဒယ်ဟာ ပေါင် ၁၀၀သန်းတန် ကစားသမား ဖြစ်ကြောင်း အာဆင်နယ်အသင်းကို သတိပေးခဲ့ပါတယ်။

ဂျိုကာနိုဗစ်က – “ကျွန်တော် အသင်းဆီ ရောက်လာတဲ့ အချိန်မှာပဲ အသင်းဘက်က ကစားသမား နှစ်ဦးဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ကျွန်တော့်ကို အသိပေးလာပါတယ်။ အဲ့ဒီထဲက တဦးက အာရွန် (ရမ်စဒယ်) ဖြစ်ပါတယ်။ သူတို့နှစ်ယောက် (ရမ်စဒယ်နဲ့ ဆန်ဒါဘာ့ချ်) က ကျွန်တော့်ရဲ့ ခွင့်ပြုချက်မရပဲ အသင်းကနေ ထွက်ခွာနိုင်သူတွေပါ။ သူက ပရီးမီးယားလိဂ်မှာ ဆက်ပြီး ကစားချင်တာဟာ သဘာဝကျပါတယ်။

ကျွန်တော် သူနဲ့ စကားပြောပြီးပါပြီ။ သူက ပရီးမီးယားလိဂ်မှာ ကစားချင်သလို ကျွန်တော်တို့နဲ့ ဆက်နေရရင်လဲ ပြဿနာ မရှိပါဘူး။ သူက ပါရမီရှိတဲ့ ကစားသမား တဦး ဖြစ်သလို အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် သူဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် သူ့ရဲ့ တန်ကြေးကတော့ မြင့်မားပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားကသာ ကျွန်တော့်ကို ပေါင်၁၀၀သန်း ရရင် သူ့ကို ရောင်းမလား မေးလာရင်တောင် ကျွန်တော်က “နိုး” လို့ ဖြေမိမှာပါ။ ဒါပေမယ့် အသင်းအတွက်တော့ ဒီလိုကိစ္စတွေက လိုအပ်တယ်လေ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Credit









Credit