Sports

တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၅၁၀၀၀၀ ပေး၍ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လာမည့်နှစ်တွင် ပေါ့ဂ်ဘာကို ပီအက်စ်ဂျီခေါ်မည်

ပေါ့ဂ်ဘာသည် လာမည့်နှစ်ဘောလုံးရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ပါက လုပ်ခလစာ တစ်ပတ်လျှင် ပေါင် ၅၁၀၀၀၀ ပေး၍ ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းသွားဖွယ်ရှိသည်။

ပေါ့ဂ်ဘာသည် မန်ယူနှင့် စာချုပ်သက်တမ်းနောက်ဆုံး ၁၂ လအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး ပြင်သစ်ကွင်းလယ်ကစားသမားသည် ပဲရစ်ကလပ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေသည်။

ယခုနှစ်တွင် မက်ဆီသည် ပီအက်စ်ဂျီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရုတ်တရက် ပြောင်းရွှေ့သွားသဖြင့် ပေါ့ဂ်ဘာကို ယခုနှစ် အပြောင်းအရွှေ့တွင်မူ ပြင်သစ်ကလပ်အသင်းက ခေါ်ယူတော့မည်မဟုတ်ချေ။

သို့ရာတွင် ပီအက်စ်ဂျီသည် ပေါ့ဂ်ဘာကို ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး မန်ယူနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန် လာမည့်နှစ်တွင် လစာအများအပြားပေး၍ ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ကြောင်း အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြသည်။

ပေါ့ဂ်ဘာသည် ယခင်က ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာအသင်းများသို့ ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းအသင်းများ၏ ငွေကြေးကြပ်တည်းမှုများကြောင့် ယခုကဲ့သို့ အကြောင်းဖန်လာခြင်းဖြစ်သည်။

ပီအက်စ်ဂျီသည် လက်ရှိအချိန်တွင် ပါရမီရှင်ဘောလုံးသမားများကို ခေါ်ယူရန် ကြိုးစားနေပြီး စပိန်ကလပ်အသင်းကြီး နှစ်သင်းထက် လက်ဦးမှုရယူ၍ လစာငွေ အများအပြားပေးပြီး ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးစားလာခြင်းဖြစ်သည်။

ပီအက်စ်ဂျီသည် လီဗာပူးမှ ဝင့်နယ်ဒန်ကိုလည်း အလားတူနည်းလမ်းမျိုးအသုံးပြုပြီး ဘာစီလိုနာ၏လက်မှဖြတ်၍ လစာငွေ အများအပြားပေးကာ ယခုနှစ်တွင် ခေါ်ယူထားသည်။ ပေါ့ဂ်ဘာသည် ၂၀၂၁-၂၂ ဘောလုံးရာသီအစတွင် ခြေစွမ်းပြနေပြီး စနေနေ့က လိဒ်စ်နှင့်ကစားသည့်ပွဲတွင် အသင်းအတွက် လေးဂိုးဖန်တီးပေးကာ မန်ယူက ၅-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

Credit