Sports

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကလပ်(၁၀)သင်း messiကိုခေါ်ယူပြီး ငွေသုံးကြမ်းတဲ့ PSGတောင် မန်ယူနဲ့ မတိမ်းမရိန်းလေးပါ

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကလပ်အသင်းစာရင်းရဲ့ ထိပ်ဆုံး(၁၀)သင်းနေရာမှာ ပရီးမီးယားလိဂ်ကလပ်အများစုပါဝင်ခဲ့ပြီး အဆင့်(၁)ကနေ(၅)အတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ်(၄)သင်းအထိ ရပ်တည်နိုင်ခဲ့ပါတယ်။

ထိပ်ဆုံးနေရာမှာ ထုံးစံအတိုင်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးအသင်းက ရပ်တည်နိုင်ခဲ့ပြီး စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ဂရီးလစ်ရှ်အပါအဝင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးပွဲထွက်စာရင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့တာအပါအဝင် ပွဲထွက်(၁၁)ယောက်ရဲ့စုစုပေါင်းတန်ဖိုးက ပေါင်သန်း(၅၃၀)အထိရှိနေပြီး အရန်ကစားသမားတွေရဲ့တန်ဖိုးက ပေါင်သန်း(၃၀၀)အထိရှိနေတာဖြစ်ပါတယ်။

နာမည်ကျော် အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Transfermarkt က ထုတ်ပြန်ခဲ့တဲ့စာရင်းအရ မန်စီးတီးကစားသမားတွေအားလုံးပေါင်း စျေးကွက်တန်ကြေးက ပေါင်(၉၅၅.၆)သန်းအထိရှိနေတာကြောင့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကလပ်စာရင်းမှာ အခုလို အဆင့်(၁)နေရာရရှိခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီးရဲ့နောက်မှာတော့ ချန်ပီယံလိဂ်ဖလားပိုင်ရှင်ချယ်လ်ဆီးအသင်းက ပေါင်(၈၉၈.၂)သန်းနဲ့ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က တိုက်စစ်မှူးဟောင်းလူကာကူကို ပေါင်(၉၇.၅)သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုနွေရာသီကာလအတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားမက်ဆီအပါအဝင် နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီ၊ ဝိုင်နယ်လ်ဒန်းတို့ကို ခေါ်ယူထားတဲ့ ပြင်သစ်ထိပ်သီး PSG အသင်းကတော့ စုစုပေါင်းတန်ဖိုးပေါင်(၈၉၄.၄)သန်းနဲ့ တတိယနေရာမှာရှိနေပြီး

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်(၈၃၅.၄)သန်းနဲ့ စတုတ္ထနေရာမှာရပ်တည်နေတာပါ။

အခုနွေရာသီအတွင်း ကိုနာတေးတစ်ဦးတည်းကိုသာ ခေါ်ယူထားတဲ့ လီဗာပူးလ်အသင်းကစားသမားတွေရဲ့ စုစုပေါင်းစျေးကွက်ပေါက်ကြေးက ပေါင်(၈၁၄)သန်းအထိရှိနေပြီး ဘွန်ဒစ်လီဂါနာမည်ကျော်ဘိုင်ယန်မြူးနစ်အသင်းကတော့ ပေါင်(၇၃၆.၇)သန်းနဲ့ အဆင့်(၆)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဘဏ္ဍာရေးအခက်အခဲတွေကြောင့် အရင်လို ငွေသုံးမကြမ်းနိုင်တော့တဲ့ ရီးယဲလ်အသင်းက ပေါင်သန်း(၇၀၀)နဲ့ အဆင့်(၇)၊ မက်ဆီကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဘာစီလိုနာအသင်းက စျေးကွက်ပေါက်ကြေးလျော့ကျသွားတာကြောင့် ပေါင်(၆၉၄.၅)သန်းနဲ့ အဆင့်(၈)နေရာမှာသာရှိနေပါတယ်။

ကျန်တဲ့(၂)နေရာမှာတော့ အက်သလက်တီကို(ပေါင်၆၅၆.၄၆သန်း)၊ စပါး(ပေါင်၆၃၃.၆သန်း)တို့ရပ်တည်နေကြပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံးထိပ်ဆုံး(၁၀)သင်းစာရင်းမှာ ပရီးမီးယားလိဂ်ကလပ်(၅)သင်းအထိ ပါဝင်နိုင်ခဲ့ကြပါတယ်။

အံ့အားသင့်စရာကောင်းတာက အခုစာရင်းရဲ့ထိပ်ဆုံး(၁၀)သင်းမှာ အီတလီကလပ်တွေတစ်သင်းမှ မပါဝင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သူ စီရော်နယ်လ်ရဲ့ဂျူဗင်တပ်စ်အသင်းဟာလည်း ထိပ်ဆုံး(၁၀)စာရင်းမှာမပါဝင်ခဲ့ပါဘူး။

ခရက် ဒစ်