Sports

ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် မန်ယူဆီသာ ပြောင်းချင်တဲ့ ချူအိုမီနီ…

ပြင်သစ် နာမည်ကြီးကလပ် မိုနာကိုအသင်းရဲ့ လူငယ် ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ လတ်တလောမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် ပြင်သစ် လူငယ် ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘော်ဒိုးအသင်း ကနေ မိုနာကိုအသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် မိုနာကိုအသင်းနဲ့ အတူ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ထိပ်သီးအသင်းတွေ အမြောက်အမြား ရှိနေပါတယ်။

အဆိုပါအသင်းတွေ အနက် ချယ်လ်ဆီးအသင်းကလည်း အပါအဝင် ဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ကန်တီရဲ့ ကြံ့ခိုင်မှုပိုင်း အားနည်းမှုကြောင့် ယခုနှစ် နွေဈေးကွက် အတွင်း ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ စဉ်းစားနေကာ ချူအိုမီနီနဲ့ ဒီကလန်ရိုက်စ်တို့ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ချူအိုမီနီကတော့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ ကစားဖို့ထက် ကွင်းလယ်လူ တဦး ခေါ်ယူဖို့ ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံသာ ပြောင်းရွှေ့ချင်နေကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ချူအိုမီနီဟာ လက်ရှိ ဘောလုံးရာသီမှာ မိုနာကိုအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကွင်းလယ်ခံစစ် ကစားသမား တဦးအနေနဲ့ ချူအိုမီနီရဲ့ တိုက်စစ် စွမ်းဆောင်ရည်ဟာ အတော်လေးကို ကောင်းမွန်သလို အချက်အလက်တွေအရ ချူအိုမီနီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ပြင်သစ်လီဂူးရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦးထဲက တဦးပဲ ဖြစ်ပါတယ်။

Credit