Sports

အာဆင်နယ် ကို ပြောင်းချင်ခဲ့ပေမယ့် အာဆင်ဝင်းဂါးရဲ့ ငြင်းပယ်မှု ခံခဲ့ရကြောင်း ဖွင့်ဟလာတဲ့ မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူ

အာဆင်နယ် ကို ပြောင်းချင်ခဲ့ပေမယ့် အာဆင်ဝင်းဂါးရဲ့ ငြင်းပယ်မှု ခံခဲ့ရကြောင်း ဖွင့်ဟလာတဲ့ မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ရီယိုဖာဒီနန် က သူဟာ ယူနိုက်တက် ကနေ ထွက်ခွာ ခဲ့ချိန်မှာ အာဆင်နယ် အသင်းကို ပြောင်းချင် ခဲ့ပေမယ့် အာဆင်ဝင်းဂါး က လက်မခံ ခဲ့ဘူးလို့ ဆိုပါတယ် ။

ဖာဒီနန် ဟာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ပြီးတဲ့ အချိန်မှာ အသင်းသစ် ရှာဖွေခဲ့ပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူး ခဲ့ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

ဖာဒီနန် ဟာ ယူနိုက်တက်မှာ ရခဲ့တဲ့ အောင်မြင်မှု အတွေ့အကြုံတွေကြောင့် အာဆင်နယ် အသင်းရဲ့ အဝတ်လဲခန်းအတွင်း ကစားသမားတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်တာကြောင့် ပြောင်းချင် ခဲ့တာ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါပေမယ့် အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ ဖာဒီနန် ကို ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့ခြင်း မရှိပါဘူး ။ ဖာဒီနန် က သူ့ကို မခေါ်ယူခဲ့တဲ့ အာဆင်း ရဲ့လုပ်ရပ် မှန်ကန်ကြောင်းလည်း ဝန်ခံ သွားခဲ့ပါတယ် ။ ဖာဒီနန် ဟာ အာဆင်နယ် ကို ပြောင်းခွင့် မရတာကြောင့် ကျူပီအာ ကို ပြောင်းခဲ့ရပြီး ရုန်းကန် ခဲ့ရပါတယ် ။

ဒီအကြောင်းတွေကို ဖာဒီနန် ​က သူ့ရဲ့ You Tube Channel မှာ ” ကျွန်တော် လုပ်ခဲ့တဲ့ အမိုက်မဲဆုံး အရာဆိုရင် အာဆင်နယ် ကို ပြောင်းဖို့ တွေးမိ ခဲ့တာပါပဲ ။ ”

” ကျွန်တော် အာဆင်းကို ပြောခဲ့ပါတယ် ၊ ကျွန်တော် မန်ယူနိုက်တက် ကနေ ထွက်ခွာတော့မယ် ၊ အာဆင်နယ် ကို လာပြီး အဝတ်လဲခန်း ကို ကူညီပေးမယ် စသည်ဖြင့်ပေါ့ဗျာ ၊ ဘာကြောင့်လဲ ဆိုတော့ အာဆင်နယ် မှာ အဲ့ဒီလို လုပ်ပေးမယ့်သူ လိုအပ်နေတယ် ထင်တာကြောင့်ပါ ။ ”

” ကျွန်တော် ပွဲကစားရမှာ ဖြစ်ပေမယ့် အဲ့ထက် ပိုအရေးကြီးတာက အတွေ့အကြုံ ဗဟုသုတတွေကို ဝေမျှ ပေးချင်တာကြောင့်ပါ ။ ဒါပေမယ့် သူ(အာဆင်း) က ကျနော့် ကမ်းလှမ်းမှု ကို လက်မခံ ခဲ့ပါဘူး ။ ”

” သူ့ ဆုံးဖြတ်ချက် မှန်ကန် ခဲ့ပါတယ် ၊ ကျွန်တော် ကျူပီအာ မှာ ကစားတော့ အရင်လို စွမ်းဆောင်ရည်မျိုး မပြ နိုင်တော့ပါဘူး ။ ဒါပေမယ့် အဝတ်လဲခန်း အတွင်းမှာတော့ အာဆင်းကို အများကြီး အကူအညီ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ၊ အဝတ်လဲခန်း ဆိုတာ အတွေ့အကြုံ ဗဟုသုတတွေ ဝေမျှပေးရာ နေရာတစ်ခုပဲလေ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ဖာဒီနန် က အာဆင်နယ် ကစားသမားသစ် ဘန်ဝှိုက် ရဲ့ ခြေစွမ်းကိုလည်း ခုလို သုံးသပ် သွားခဲ့ပါတယ် ။ ” အာဆင်နယ် ရဲ့ ပြဿနာ က တစ်နှစ်လောက်ပဲ ပရီးမီးယားလိဂ်မှာ ကစားဖူးသူကို ဝယ်လိုက်ရတာကြောင့်ပါ ။ ”

” ဘန်ဝှိုက် က ခုကောင်းပါတယ် ၊ ဒါပေမယ့် အာဆင်နယ်မှာ လိုအပ်နေတာက အသင်းကို ရောက်လာတာနဲ့ အဆင်သင့် ဖြစ်နေပြီး လေ့ကျင့်ရေးကွင်းမှာ တခြားသူတွေကို လက်တွဲ ခေါ်နိုင်မယ့်သူမျိုးပါ ။ ဘန်ဝှိုက် က ခု သူနဲ့ တွဲဖက်မယ့် နောက်ခံလူ လိုအပ်နေပါတယ် ၊ မက်ဂွိုင်းယား ဗာရန်း တီယာဂိုဆေးလ်ဗားတို့လို့ နောက်ခံလူမျိုးပါ ။ ”

” အာဆင်နယ် အသင်းမှာ က နောက်တန်းကို ကာကွယ် ပေးနိုင်မယ့်သူ လိုအပ် နေတာပါ ၊ ကျနော်သာ ဘန်ဝှိုက် နေရာမှာဆို နောက်တန်းမှာ အကူအညီ လိုအပ်ကြောင်း ပြောသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Credit – SM:Wai Yan