Sports

လိုင်စင်မရှိပဲ ကားမောင်းခဲ့တာကြောင့် ထောင်ဒဏ်၆လအထိ ကျခံရဖွယ် ရှိတဲ့ ဘစ္စကာ

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ညာနောက်ခံလူ ဝမ်ဘစ္စကာဟာ လိုင်စင် မရသေးပဲ ကားမောင်းခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် နောက်ခံလူ ဘစ္စကာဟာ ဇွန်လ ၂၃ရက်နေ့မှာ သူ့ရဲ့ ပေါင် ၁၇၀၀၀၀ တန် လက်ဂ်ဘော်ဂနီကားကို ကားမောင်းလိုင်စင် မရှိသေးပဲ မောင်းနှင်ခဲ့တာကြောင့် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘစ္စကာဟာ ကားမောင်းလိုင်စင် ရရှိအောင် လျှောက်ထားဆဲ အနေအထားမှာသာ ရှိသေးပေမယ့် ကားမောင်းခဲ့သလို လုံလောက်တဲ့ အာမခံတွေလည်း ပြုလုပ်ထားခြင်း မရှိတာကြောင့် ပြစ်မှု ၂ခုနဲ့ စွဲချက် တင်ခံထားရပါတယ်။

ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ဟာ ဘစ္စကာရဲ့ ပြစ်မှုကို Stockport Magistrates’ Courtမှာ တရားစွဲဆိုထားပြီး ယမန်နေ့မှာ ပထမဦးဆုံး အကြိမ် ရုံးတင်စစ်ဆေးမှုကို ပြုလုပ်ခဲ့ပေမယ့် ဘစ္စကာဘက်က တရားခွင်ကို မလာနိုင်သေးတာကြောင့် လာမယ့် စက်တင်ဘာလ ၁ရက်နေ့မှာ ပြန်လည် စစ်ဆေးဖို့ အတွက် ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ဥပဒေကြောင်း ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှု ၂ခုကြောင့် ဘစ္စကာဟာ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၆လ အထိ ကျခံရဖွယ် ရှိသလို အနိမ့်ဆုံး ပြစ်ဒဏ်အနေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ရဖို့ ရှိနေကြောင်း သိရပါတယ်။

ဘစ္စကာဟာ တရားစွဲဆိုခံထားရပေမယ့် လက်ရှိအချိန် အထိ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပါဝင် ကစားပေးခွင့် ရနေဆဲ ဖြစ်ပြီး အကယ်၍ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ရင်တောင် ဆိုင်းငံ့ ထောင်ဒဏ်သာ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Credit







Credit