Sports

ပေါ့ဘာ ၊ ဗာရန်းတို့ရှိတဲ့ မန်ချက်စတာမြေကို အမ်ဘာပေ တယောက် ရောက်လာတော့မှာလား…?

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ထားတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်အသင်းက ကြိုးပမ်းနေသလို အမ်ဘာပေကလည်း ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ ကစားချင်ကြောင်း ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီကို အသိပေးထားပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ် အသင်းထံ တိုက်ရိုက် ရောင်းချလိုခြင်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက အမ်ဘာပေကို ခေါ်ယူဖို့ အခွင့်အလမ်းတွေ ရှိလာတာ ဖြစ်ပြီး အမ်ဘာပေကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက် ကစားဖို့ လမ်းဖွင့်ထားကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနကလည်း အဆိုပါ သတင်းတွေကို ထပ်ဆင့် အတည်ပြုပေးခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမ်ဘာပေကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ ခေါ်ယူခွင့် ရှိပါက ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ အဆင်သင့် ရှိနေသလို အကယ်၍ ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူနိုင်ခြင်း မရှိပါက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အမ်ဘာပေရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး နှစ်သင်းစလုံးဟာ အမ်ဘာပေကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

Credit