Sports

ပေါ့ဂ်ဘာကို စိန်ခေါ်လိုက်တဲ့ ဆိုးလ်ရှား…..

ဆိုးရှားက ပေါ့ဂ်ဘာကို လိဒ်ယူနိုက်တက်နှင့်ပွဲကခြေစွမ်းမျိုးကို ယနေ့ညကစားမည့် ဆောက်သမ်တန်နှင့်ပွဲ၌ ပြန်ရနိုင်မည်လားဟု စိန်ခေါ်မှုပြုလုပ်လိုက်သည်။

ပေါ့ဂ်ဘာသည် ပြီးခဲ့သည့် တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁) တွင် လိဒ်ကို ၅-၁ ဖြင့် အနိုင်ရရှိသောပွဲ၌ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်နိုင်ခဲ့သည်။ ဆိုးရှားက ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာအနေဖြင့် ၎င်း၏ ခြေစွမ်းအဆင့်အတန်းကို အပတ်စဉ်ပြသနိုင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။


“ကျွန်တော်နဲ့ ပေါလ် (ပေါ့ဂ်ဘာ) တို့က နေ့တိုင်းအတူတွဲပြီး အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ အမြဲ တမ်း တိုးတက်အောင် ကြိုးစားနေပြီး အသင်းကိုလည်း ပိုတိုးတက်အောင် လုပ်နေပါတယ်။ ပွဲတစ်ပွဲကို အနိုင်ရရှိပြီး ကိုယ့်ခြေစွမ်းအပေါ်မှာ ကိုယ်ပိုပြီး စိတ်ကျေနပ်လာတယ်ဆိုရင် ဒီလိုခြေစွမ်းမျိုးကို တစ်ပွဲတစ်လေမှာ ပြနိုင်တာမျိုးမဟုတ်ဘဲ ပုံမှန်ပြနိုင်အောင် ကြိုးစားရပါမယ်။

ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအသင်းဟာ ဘယ်လောက်သတင်းခေါင်းစဉ်တွေကနေ ချီးကျူးခံလိုက်ရသလဲ ကြည့်လိုက်ပါ။ ဒါကြောင့် နောက်တစ်ပွဲမှာ ပိုပြီး အားမာန်အပြည့်နဲ့ ပိုကောင်းအောင် ကစားနိုင်ရပါမယ်” ဟု ဆိုးရှားက ပြောဆိုလိုက်သည်။

ဆောက်သမ်တန်နှင့် အဝေးကွင်းကစားရမည့်ပွဲတွင် ဆိုးရှားသည် ကာဗာနီနှင့် ဗာရန်းတို့ကိုလည်း ပွဲထုတ်လာဖွယ်ရှိသည်။ ဆန်ချိုကိုလည်း ပွဲချိန်အပြည့် ထုတ်သုံးဖွယ်ရှိသည်။


“ကျွန်တော့်ရည်ရွယ်ချက်က လိဒ်ကို အနိုင်ရတဲ့ပွဲအတိုင်း ဆက်ကစားသွားဖို့ပါ။ အားမာန်အပြည့် ပိုပြီးထည့်ကစားပါမယ်။ ကာဗာနီနဲ့ ဗာရန်းတို့လည်း အသင်းမှာ ပါဝင်လာပြီဆိုတော့ ကျွန်တော်တို့ ပိုပြီး အခြေအနေကောင်းလာပါပြီ။

တနင်္ဂနွေနေ့ကျရင် မန်ယူအသင်းရဲ့ ခြေစွမ်းကို ခင်ဗျားတို့ ပိုပြီးမြင်ရပါလိမ့်မယ်။ သူတို့ဟာ ပိုပြီး ပွဲကစားချိန်ရလာတာကြောင့် ပိုပြီးကျင့်သားရလာပါတယ်။ တစ်ပတ်လုံး ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ဘယ်သူပါမလဲ စောင့်ကြည့်ရအောင်” ဟု ဆိုးရှားက ပြောဆိုခဲ့သည်။


ဆိုးရှားက ကလပ်အသင်းအနေဖြင့် အသင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် လေးလေးနက်နက် အကြံပေးခဲ့သော်လည်း ဆိုးဖြတ်ချက်မှာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု ပြောဆိုခဲ့သည်။

Credit