Sports

ဗာရန်းကြောင့် မန်ယူဟာ ကြောက်စရာကောင်းတဲ့ အသင်းဖြစ်လာပြီ — အီယန်ရိုက်

ဗာရန်းကိုခေါ်ယူနိုင်ခြင်းကြောင့် မန်ယူသည် ကြောက်စရာကောင်းသည့် အသင်းတစ်သင်းအဖြစ် ယခုနှစ် ပရီးမီးယားလိဂ်တွင် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း ဘောလုံးရေးရာ ဝေဖန်သူ အီယန်ရိုက်က ပြောဆိုခဲ့သည်။


ရီးရဲမက်ဒရစ်နှင့် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သော ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ဗာရန်းသည် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းဖြင့် မန်ယူသို့ရောက်ရှိလာခြင်းဖြစ်သည်။ ဗာရန်းကိုခေါ်ယူနိုင်ခြင်းသည် မန်ယူအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ရပ်ဖြစ်ခဲ့ရပြီး အသင်း၏ နောက်တန်းကို အကောင်းဆုံးအားဖြည့်နိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း အီယန်ရိုက်က ပြောဆိုခဲ့သည်။


“ဗာရန်းက သူ့ရဲ့ အကောင်းဆုံးအချိန်မှာ မန်ယူကို ရောက်လာတာဖြစ်ပါတယ်။ သူဟာ ထိပ်တန်းကစားသမားဖြစ်ပြီး မန်ယူအတွက် သိပ်ကောင်းတဲ့ ခေါ်ယူမှုလည်းဖြစ်ပါတယ်” ဟု ရိုက်က ပြောဆိုခဲ့သည်။ ဗာရန်းကို ခေါ်ယူပြီးနောက် မန်ယူတွင် ကမ္ဘာ့အဆင့်မီ ခံစစ်မှူးသုံးဦးရှိလာပြီဟု ရိုက်က ပြောဆိုခဲ့သည်။ ထိုသုံးဦးမှာ လုခ်ရှော၊ မက်ဂွိုင်းယားနှင့် ဗာရန်းတို့ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဝမ်ဘစ်ဆာကာကလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာအစွန်ခံစစ်မှူးတစ်ဦးလို့ ကျွန်တော် ယုံကြည်ဆဲဖြစ်ပါတယ်။ လင်ဒီလော့ဗ်ကလည်း မက်ဂွိုင်းယားနဲ့ အကောင်းဆုံးတွဲကစားနိုင်တဲ့ အချိန်တွေရှိခဲ့ပါတယ်။ အခုတော့ မက်ဂွိုင်းယားဘေးမှာ နောက်ထပ် ကမ္ဘာ့အဆင့် ခံစစ်မှူးတစ်ယောက် ထပ်ရောက်လာပြီပဲဖြစ်ပါတယ်။

လုခ်ရှောကလည်း ကျွန်တော့်အတွက်တော့ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားပါ။ မန်ယူက ထိပ်တန်းအသင်းကြီးတွေကို အိမ်ကွင်းမှာကစားရင် ကွင်းလယ်ခံစစ်ကစားသမားနှစ်ဦးထား ကစားနေရတယ်။ အခုတော့ ဗာရန်း ရောက်လာပြီဆိုတော့ တိုက်စစ်ဦးစားပေး ကစားသမားတစ်ဦးကို ကွင်းလယ်မှာ ပိုသုံးလာနိုင်တော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗာရန်းက သိပ်မြန်ပြီး တစ်ဘက်အသင်းရဲ့ ကစားကွက်ကိုလည်း ကြိုမြင်နိုင်တယ်လေ။ မက်ဂွိုင်းယားကို ကျော်ဖြတ်လာနိုင်တဲ့ ပြိုင်ဘက်တွေကို သူက ဝင်ပြီး တားဆီးပေးပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ခံစစ်အတွဲတစ်ခုအကြောင်း ပြောနေတာပါ။ သူတို့ ခံစစ်အတွဲရဲ့ အရေးပါပုံနဲ့ ခြေစွမ်းဟာ တိုက်စစ်အတွဲရဲ့ ခြေစွမ်းလိုပဲ အသင်းအတွက် အရမ်းအရေးကြီးပါတယ်” ဟု အီယန်ရိုက်က ပြောဆိုခဲ့သည်။ဗာရန်းသည် ယနေ့ည ဆောက်သမ်တန်နှင့် အဝေးကွင်းပွဲစဉ်တွင် မန်ယူအတွက် ပါဝင်ကစားဖွယ်ရှိသည်။

Credit